ကရင်နီနှင့် ဖယ်ခုံတွင် ဧပြီလအတွင်း အရပ်သား ၁၆ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်။
ကရင်နီပြည်နှင့် ရှမ်း-ကရင်နီနယ်စပ်တွင် ဧပြီလ တစ်လအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၆ ဦး သေဆုံးခဲ့သည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် (KCSN) တာဝန်ရှိသူများက သည်။
စစ်ကောင်စီတပ်နှင့် ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်၌ ဧပြီလအတွင်း အရပ်သား ၁၆ ဦး သေဆုံးခဲ့သည်ဟု ကရင်နီ လူမှု အသင်းအဖွဲ့များ ကွန်ယက် (KCSN) က နှစ်ပတ်တစ်ကြိမ် ထုတ်ပြန်သော စာရင်းတွင် ဖော်ပြထားသည်။
မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သေဆုံးသူများထဲတွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခံရခြင်း အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုကို ခံရသည့် သူများလည်း ပါဝင်သည်ဟု (KCSN) ညှိနှိုင်းရေးမှူး ခူးကိုရယ်က ပြောသည်။
“အဓိက ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာ ခံရတယ်။ အများအားဖြင့် သေဆုံးသွားတဲ့ အရပ်သားတွေက လေ ယာဉ်နဲ့ ဗုံးကြဲခံ ရတာဖြစ်တယ်။ စစ်ကြောင်းနဲ့တိုးပြီးမှ ရက်ရက်စက်စက် ပစ်သတ်ခံရတဲ့ ရွာသားတွေလည်း ရှိပါတယ်။”
ဧပြီလ အတွင်း လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်က ပေါင် ၅၀၀ ဗုံးများနှင့် ပစ်ခတ် တိုက်ခိုက်မှုထဲ အရပ်သား ၁၀ ဦး သေဆုံးခဲ့ရသည်။
ထို့အပြင် ဖယ်ခုံမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးခဲ့သည့် အရပ်သား ၅ ဦးလည်း ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။
ဧပြီလ ၂၈ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာ၌ အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စစ်တပ်က ထောင်ထားခဲ့သည့် မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု KCSN တာဝန်ရှိသူက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ဒီးမော့ဆိုမြို့နယ်ထဲတွင် ကလေးငယ် ၄ ဦး သေဆုံးခဲ့ရသည့် ဒေါဆီးအီ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ၎င်းတို့ လေယာဉ်မှာ ထိုဒေသဘက်ကို ပျံသန်းမှုမရှိကြောင်း ငြင်းဆိုထားသည်
စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ခူးကိုရယ်က “ကျနော် တို့မှာ လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ရှိတယ်။ သူတို့ဘက်က သူတို့ပိုင်တဲ့ မီဒီယာ ပေါ့နော် ဥပမာ မြဝတီတွေမှာလိုမျိုး ဗြောင်ဗြောင်တင်းတင်း လိမ်တာလို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ ဒါကို ကျနော် တို့ တကူးတကကြီး သူတို့နဲ့ မျက်နှာချင်းဆိုင် ပြီးတော့မှ ခင်ဗျားတို့ လိမ်ပါတယ် ဆိုပြီး သွားမပြောလိုပါဘူး။ တခုရှိတာက ကျနော်တို့မှာက လုံလောက်တဲ့ သက်သေအထောက်အထား ရှိတယ်။ ခိုင်မာတဲ့ သက်သေ အထောက်အထားနဲ့ ကျနော်တို့ ချပြနိုင်တယ်။ နိုင်ငံတကာကို ကျနော်တို့ ပို့နိုင်တယ်။ လူ့အခွင့်အရေးသမားတွေ နဲ့ရော အခုလို မီဒီယာသမားတွေနဲ့လည်း ကျနော်တို့ မျှဝေနိုင်တယ် ဆိုတာ ကျနော်တို့မှာ အခိုင်အမာ ရှိတယ် ဆိုတဲ့ဟာကို ကျနော်ပြောချင်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို သက်သေနှင့်တစ်ကွ မှတ်တမ်းတင်ထားပြီး ဖြစ်၍ အသွင် ကူး ပြောင်းရေး ကာလ၌ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လက် တရားစွဲဆို အရေးယူသွား နိုင်ရေး စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု ခူးကိုရယ်က ပြောသည်။
ကရင်နီပြည်နှင့် ဖယ်ခုံမြို့နယ်ထဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခု မေလ ၅ ရက်နေ့ အထိ စစ်ကောင် စီတပ်၏ သတ်ဖြတ်မှုများကြောင့် သေဆုံးသွားသည့် အရပ်သားပြည်သူ ၅၃၆ ဦးရှိနေပြီဟု ကရင်နီလူမှုအသင်းဖွဲ့ များ ကွန်ယက် (KCSN) ၏ စာရင်းများအရ သိရသည်။
Photo – KNGY