ထားဝယ်တွင် စစ်ကောင်စီ၏ ရဟတ်ယာဥ်နှစ်စီးနှင့် အရာရှိအဆောက်အအုံတို့ ဒရုန်းဖြင့်ဗုံးကြဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်။
ထားဝယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း ရှိနေသည့် စစ်ကောင်စီ ရဟတ်ယာဥ် နှစ်စီးနှင့် အရာရှိ အဆောက်အအုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထားဝယ် ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ – TPLF တာဝန်ရှိသူက ပြောသည်။
မေလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၀ အချိန်ခန့်က စကခ-၈ ထဲတွင် ရပ်နားထားသည့် MI-2 ရဟတ်ယာဉ် နှစ်စီးနှင့် စစ်ကောင်စီအရာရှိများ အဆောက်အအုံနေရာတို့ကို ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကြဲချခဲ့ခြင်း ဖြစ်သည်။
TPLF သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေး ဌာန တာဝန်ရှိသူက “အရှေ့တောဖက်ကနေ ပြန် လာပြီး ရဟတ်ယာဉ်ဆင်းတဲ့ အချိန်ကို ချိန်သားကိုက်ကြဲချလိုက်တာပါ” ဟု ပြောသည်။
ဗုံးကြဲခံရပြီးနောက် ဒရုန်းလာရာ ဘက်သို့ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လှန်ပစ်ခတ်ခဲ့ ပြီးနောက် MI-2 ရဟတ်ယာဉ်တစ်စီးနှင့် ကသန်းကျေးရွာကို လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TPLF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ အတိအကျကိုမူ စုံစမ်းနေဆဲ ဖြစ်ကြောင်း TPLF သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေး ဌာန တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်က ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း TPLF ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တိုက်ခိုက်မှုကို TPLF ၏ ဒရုန်းတပ်ဖွဲ့နှင့်အတူ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းမှ Sky Ghost Drone forceအဖွဲ့၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းမှ T5 Wingအဖွဲ့ ၊ဒေါနစစ်ကြောင်း တပ်ခွဲ (၄) KBDF Drone တပ်ဖွဲ့နှင့် YAF Drone တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။