ငါးဖမ်းလှေငယ်နစ်မြုပ်ပြီး အမျိုးသားနှစ်ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်။
ထားဝယ်မြစ်အတွင်း၌ ငါးဖမ်းလှေငယ်တစ်စီး နစ်မြုပ်ပြီး လှေပေါ်တွင်ပါသည့် အမျိုးသားနှစ်ဦး ရေနစ်သေဆုံး သွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ထားဝယ်မြစ်အတွင်း ဇွန်လ ၆ ရက်နေ့ ညနေပိုင်းက ငါးဖမ်းပိုက်ထောင်ရန်အတွက် အမျိုးသားငါးဦးက လှေဖြင့် သွားရာတွင် ရေစီးကြမ်း၍ လှေနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
လှေပေါ်တွင် ပါလာသူများထဲမှ သုံးဦးရေနစ်နေချိန် တစ်ဦးကို အချင်းချင်းက ရေကူးပြီး ပြန်ကယ်လိုက်နိုင်ခဲ့ပေမဲ့ ကျန်သည့်နှစ်ဦးမှာ လုံးဝနစ်မြုပ်သွားသည်ဟု မြင်တွေ့လိုက်သူ တစ်ဦးက ဆိုသည်။
ကြက်စားပြင်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ညနေမိုးချုပ်ခါစ ငါးနာရီခွဲ ခြောက် နာရီ ကြားမှာ ဖြစ်သွားတာ။ ကြက်စားပြင်ရပ်က ဆီဘော တွေရှိတဲ့ နေရာနား မှာပဲ မြုပ်တာ။ မိုးရွာထားတော့ ရေစီး ကြမ်းပြီး မြုပ်တာ” ဟု ပြောသည်။
သေဆုံးသွားသူနှစ်ဦးမှာ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ကိုညီညီနှင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းသူတို့ ဖြစ်ကြသည်။
ကိုညီညီ၏ အလောင်းကို ဇွန်လ ၈ ရက်နေ့၊ နံနက်ပိုင်းက လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာ အနီးတွင် တွေ့ရှိခဲ့ရပြီး ကိုမင်းသူ၏ အလောင်းကိုမူ ရှာဖွေနေကြဆဲဖြစ်ကြောင်း ရွာသားများက ဆိုသည်။
ဇွန်လဆန်းပိုင်းအတွင်း ထားဝယ်မြို့ပေါ်တွင် နေ့စဥ်နီးပါး မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိနေခြင်းကြောင့် မြစ် ချောင်းများအတွင်း ရေများ ပြည့်လျှံနေပြီး ရေစီးသန်လျက်ရှိနေသည်ဟု မြို့ခံများက ပြောသည်။