ရေး-ထားဝယ်ကားလမ်း အသုံးမပြုရန် တော်လှန်ရေး တပ်ဖွဲ့များ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
ရေး-ထားဝယ် သွား အမှတ် ၈ ပြည်ထောင်စု လမ်းပိုင်းအား ပြည်သူလူထုများအနေဖြင့် မလိုအပ်ဘဲ ခရီးသွား လာခြင်း မပြုလုပ်ကြရန် ဒေါနစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အသိပေး ထုတ်ပြန်သည်။
လက်တလောတွင် ရေး-ထားဝယ် သွားရာ မလွှဲတောင် လမ်းပိုင်းတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်များအကြား နှစ်ဖက်စစ်ရေးပြင်းထန်လျှက်ရှိနေကြောင်း ထို့ကြောင့် ပြည်သူများအနေဖြင့် မလိုအပ် ဘဲ ခရီးသွားခြင်းမျိုး မလုပ်ကြဖို့ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒေါနစစ်ကြောင်း တာဝန်ရှိသူက “သူတို့ဘက်က ပြန်လည်ထိုးစစ်ဆင် ကြိုးစားလာတဲ့အခါ အရပ်သား ပြည်သူ တွေကို ခုတုံးလုပ် အသုံးပြုတာ၊ အရပ်သား အသွင်ယူပြီး စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေတာကြောင့် ပြည်သူတွေထိခိုက်မှု မရှိစေဖို့နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေး ဖော်ဆောင်မှုမှာ လွယ်ကူစေဖို့အတွက် အခုလို သတိပေးချက် ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ်ထားသည့် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စု လမ်းပိုင်းအား ပြန်လည်ထိန်းချုပ် ရရှိရေးအတွက် အပြင်းအထန် ထိုးစစ်ဆင် ကြိုးပမ်းလာနေ ကြောင်း ဒေါနစစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်က ရေး-ထားဝယ်လမ်းကြောင်းကို လက်လွှတ်ခဲ့ရသောကြောင့် စစ်ရေးအပြင် သယ်ယူပို့ဆောင် ရေးပိုင်း အခက်အခဲများ ဖြစ်သွားသည့်အတွက် အဆိုပါ လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်း ထိုးမှုများ ရှိနေလာသည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များမှ လမ်းပိုင်းတလျှောက် ဖြန့်ကျက်ထားသည့် တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် စစ်ရေးအရှိန်အဟုန် မြင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်နိုင်ရန် အသင့် ပြင် ဆင်ပြီး ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် ရေး-ထားဝယ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက အင်အားအလုံအရင်းနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် လမ်းကြောင်းတလျှောက်ရှိ ရဖူးကျေးရွာ၊ မရမ်းချောင်းကျေးရွာနှင့် ကော့လှိုင်ကျေးရွာတို့က ပြည်သူများက ဘေးလွှတ်နိုင်မည့် နေရာများကို တိမ်းရှောင်နေကြရသည်။
ပြည်သူလူထုများ အနေဖြင့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ ရေး – ထားဝယ် အမှတ် ၈ လမ်းပိုင်းအား အရေးတကြီး မလိုအပ်ဘဲ လုံးဝ (လုံးဝ) အသုံးပြုသွားလာခြင်း မလုပ်ကြဖို့ ဒေါနစစ်ကြောင်းက မေတ္တာရပ်ခံတောင်းဆိုထား သည်။
ထုတ်ပြန်ချက် ထုတ်ပြန်သည့်နေ့မှ စ၍ နောက်ထပ်ထုတ်ပြန်ချက် တစ်စုံတရာ မထုတ်ပြန်ခင်အထိ ရေး – ထား ဝယ် လမ်းပိုင်းအား သွားလာခြင်းမပြုရန် နှင့် လိုက်နာရန် ပျက်ကွက်ခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များ အား ဒေါန စစ်ကြောင်းနှင့် ပူးပေါင်း မဟာမိတ်တပ်ပေါင်းစုတို့က တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း ရေးသားထားသည်။