မီတာ တစ်ယူနစ်ကို နှစ်ထောင်နီးပါး ပေးဆောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်။ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ယခုနှစ်အတွင်း လျှပ်စစ်မီတာခ စျေးနှုန်းများ စံချိန်တင် မြင့်တက်လာသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင် ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်ကို ကျပ် ၁,၈၀၀ အထိ ပေး ဆောင်ခဲ့ရပြီး မေလအတွက် နောက်ဆုံးပေးဆောင်ရသည့် မီတာခမှာ တစ်ယူနစ်ကျပ် ၁၈၅၀ အထိ စံချိန် တင် မြင့်တက်လာသည်ဟု ပြောသည်။

မီတာခစျေးနှုန်း အဆမတန်မြင့်မားလာခြင်းမှာ ထိုင်း(ဘတ်)ငွေ စျေးတက်လာခြင်းနှင့်အတူ စက်သုံးဆီ စျေးနှုန်း များလည်း ထိုးတက်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောဆိုသုံးသပ်နေကြသည်။

အသက် ၅၀ခန့်အရွယ် အဏ္ဏဝါရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက မီတာခ စျေးတက်တာက ကြောက်စရာကြီးဗျာ။ ကော့သောင်းမှာ ကုန်စျေးနှုန်းတွေက ဘတ်စျေးတက်ရင် အကုန်တက်သွားတာ။ လက်ရှိ မီတာက စျေးနှုန်းက အဆမတန် မြင့်မားနေတာကြောင့် အိမ်တွေမှာ လကုန်ရင် မီတာခ ပေးဆောင်ရတာ နည်း ပါးဖို့အတွက် အတတ်နိုင်ဆုံး လျှပ်စစ်မီး အသုံးမပြုမိအောင် ဆင်ခြင်နေကြရတယ် ဟု ပြောသည်။

စစ်အာဏာ မသိမ်းခင်က ကော့သောင်းမြို့နယ်အတွင်း၌ လျှပ်စစ်မီတာခ ဈေးနှုန်းမှာ တစ်ယူနစ်ကို ကျပ် ၂၀၀ ကျော်သာ ဆောင်ရသည်ဟု မြို့ခံများက ပြောသည်။

တနင်္သာရီတိုင်း အတွင်းရှိ မြိတ်မြို့နယ်ထဲတွင်လည်း ယခုနှစ် မေလမှစတင်ပြီး လျှပ်စစ်မီတာ တစ်ယူနစ်ကို  ၁,၂၃၀ ကျပ် ကောက်ခံခဲ့ပြီး ဇွန်လအတွက် တစ်ယူနစ်ကို ၁,၂၄၅ ကျပ်အထိ တိုးမြင့်ကောက်ခံထား သည်ဟု ဆိုကြသည်။

ကော့သောင်းမြို့တွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုနှင့် အစိုးရက ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်မီးလိုင်း နှစ်ခုရှိနေပြီး မီတာခ အဆမတန်တက်လာရခြင်းမှာ စက်သုံးဆီများ စျေးတက်လာရခြင်းကြောင့် ယခုလိုကောက်ခံနေခြင်း ဖြစ်ကြောင်း နှင့် စက်သုံးဆီစျေး အတက်အကျပေါ်မူတည်ပြီး မီတာခ စျေးတက်လာရခြင်း ဖြစ်ကြောင်း မြို့ခံ များက ဆိုကြသည်။

တစ်စတစ်စတိုးမြင့်လာသည့် လျှပ်စစ်မီတာခမှာ စက်သုံးဆီစျေးကြောင့် ဖြစ်သည်ဟု နားလည်ထားသော်လည်း ကော့သောင်းမြို့ခံများက ပြန်လည် လျှော့ပေါ့ ပြင်ဆင် ကောက်ခံပေးစေချင်သည်ဟု ဆိုကြသည်။