လွိုင်ကော်တွင် ဖောက်ထွင်းသူများကြောင့် နေရပ်ပြန်စစ်ရှောင်များ ပြန်လည်ထူထောင်ရေး အခက်တွေ့၊ ရဲအင်အားထက် သူခိုးအင်အားများနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ဖောက်ထွင်းခိုးယူသူများကြောင့် နေရပ်ပြန် စစ်ဘေးရှောင်များ အနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု ခေတ္တပြန်ရောက်နေသူများက ပြောသည်။
ရပ်ကွက်တိုင်း နီးပါး၌ ဖောက်ထွင်းခိုးယူပြီး ဖြစ်ရာ အချို့ရပ်ကွက်များတွင် အိမ်အခွံသက်သက်သာ ကျန်ရှိခဲ့ သည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ရှောင်တစ်ဦးက “ပစ္စည်းခိုးကြတယ် ဆိုတာထက် ပစ္စည်းယူကြတယ် ပြောရမှာပေါ့နော်။ ၃ ဖက်လုံးပဲ ပြည် သူတွေလည်း ယူတယ်။ တော်လှန်ရေးဘက်က ကောင်တွေတချို့လည်း ယူကြတာရှိတယ်။
စစ်တပ်ကလည်း ယူတယ်။ ဒါကတော့ အပွင့်လင်းဆုံး အမှန်ကန်ဆုံး ပြောတာပါဗျာ” ဟု ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများတွင် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသော်လည်း လိုက်နာမှု မရှိကြဟု အဆိုပါ စစ်ရှောင်က ဆက်ပြောသည်။
“KNDF အနေနဲ့လည်း စည်းကမ်းတွေအများကြီး ထိန်းချုပ်ထားတာ ရှိတယ်၊ အဖွဲ့တိုင်း လိုလိုပေါ့နော်။ စစ် တပ်မှာလည်း သူ့ဟာနဲ့သူ ထိန်းချုပ်ထားတာလည်း ရှိကောင်းရှိလိမ့်မယ်ဗျာ။ ဒါပေမဲ့ စစ်တပ်ကတော့ ကျနော့် အထင် တော့ သူတို့ကိုပဲ မကောင်းပြောနေတာတော့ မဟုတ်ဘူးဗျ။ ဒီကောင်တွေကိုက မကောင်းတာ ဖြစ်နေ တာကိုးနော်။ သူတို့လူကြီးတွေ ကိုယ်တိုင်ကိုက ခိုးခိုင်းတဲ့ဟာတွေ၊ သူတို့လူကြီးတွေ ကိုယ်တိုင်ခိုးပြီးတော့မှ ပေါ် တင် ရောင်းချတဲ့ဟာတွေ အဲ့ဒါတွေက ရှိတယ်ဗျာ။”
ခိုးရာပါပစ္စည်း အများစုကို ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းရပ်ကွက်တွင် ရောင်းချနေကြပြီး ကား၊ ဆိုင်ကယ်များ ကိုမူ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရုံး (ဒကစ)တွင် ဝယ်ယူနိုင်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အချို့ ၌ ကြေညာထားသည်။
ထို့အပြင် ရှမ်းပိုင်းရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်က သူခိုးများ ဖောက်ထွင်းနေသည့် အချိန် များတွင် စစ်ကောင်စီ တပ်များက ကင်းလှည့်ပေးနေသည်ဟု ရပ်ကွက်တွင်း ကျန်ရှိနေသူများက ပြောသည်။
ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက “ဘယ်အဖွဲ့ ဘယ်အဖွဲ့လဲဆိုတာ ကျနော် မပြောချင်ဘူးပေါ့နော်။ ဘာ လို့လဲဆို အဖွဲ့တိုင်းလိုလိုမှာက လူက အမျိုးမျိုးရှိကြတယ်ပေါ့၊ အဲ့ဒီလူတွေထဲမှာ ဆိုလို့ရှိရင် လက်ဆော့တတ်တဲ့ လူဆိုတာ ပါစမြဲပဲလေ၊ လူကအများကြီးကို။ KNDF ဆိုလည်း လူထောင်ပေါင်းများစွာရှိတယ်။ အဲ့ လူထောင် ပေါင်းများစွာတော့ အကုန်လုံး ကောင်းနေတာ မဟုတ်ဘူးလေနော်၊ အဲ့တော့ အဲ့ကြားထဲမှာ တကယ် မယူကြဘူး လားဆိုတော့ ယူကြတာတွေလည်းရှိတယ်ဗျ တော်လှန်ရေးတပ်ဖွဲ့က၊ ဒါပေမဲ့ စစ်တပ် စိုးမိုးနယ်မြေမှာလည်း စစ်တပ်က ခိုးကြတာဗျာ၊ အဲ့လိုမျိုးရှိတယ်ဗျာ။ စစ်တပ်ကကျတော့ ယူပြီးရောင်းစားတဲ့ အဆင့်ရှိတယ်။ အဲ့လို မျိုးပေါ့” ဟု ပြောသည်။
ကရင်နီပြည်နယ်တွင် ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)မှ သူခိုးများအား ဖမ်းဆီးအရေးယူမှုများ ရှိသော်လည်း ရဲအင်အားထက် သူခိုးအင်အားများနေသဖြင့် မနှိမ်နှင်းနိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။
လွိုင်ကော်မြို့တွင် မေလ နောက်ဆုံးအပတ်မှ စတင်၍ နေရပ်ပြန်လာသူ အနည်းငယ် ရှိကြသော်လည်း အချို့မှာ လိုအပ်သည့် ပစ္စည်းများ ပြန်ယူပြီးနောက် ပြန်လည်ထွက်ခွါသွားကြသည် ဖြစ်ရာ လတ်တလောတွင် စစ်ကောင် စီတပ်၊ စစ်မှုထမ်းဟောင်း မိသားစုဝင်၊ Non-CDM မိသားစုဝင်များနှင့် ပြည်သူ အနည်းငယ်သာ ကျန်ရှိတော့ သည်ဟု နေရပ်ပြန် စစ်ဘေးရှောင်များက ပြောသည်။