နမ့်ဆန်က ကလေးတစ်ဦး ပေါက်ကွဲမှုကြောင့် လက်ချောင်းများပြတ်ပြီး ပြင်းထန်ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
ရှမ်းပြည်နယ်မြောက်၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် မိုင်းဟုယူဆရသည့် အရာတစ်ခု ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦး လက်ချောင်းပြတ်ကာ အပြင်းအထန် ဒဏ်ရာရခဲ့သည်။
မြို့သစ်ကျေးရွာ၊ အရှေ့ရပ်ကွက်၏ လက်ဖက်ခြံထဲတွင် ဇွန်လ ၁၀ ရက်နေ့၊ မွန်းလွှဲပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။
ဒဏ်ရာရသွားသည့် ကလေး၏ အစ်မ ဖြစ်သူက “ဖြစ်တာက လက်ဖက်ခြံမှာ။ သူပြောတာက ပစ္စည်း တစ်ခုခု တွေ့လိုက်တယ်တဲ့။ ကောက်ကိုင်ပြီးတော့ ဘယ်ကနေ ဘယ်လိုဖြစ်သွားလည်းတော့ သူ မမှတ်မိဘူးတဲ့။ ဒဏ်ရာ ကတော့ ပြင်းထန်တယ်။ သူဘယ်ဖက် လက်ကတော့ စုတ်ပြတ်သတ်သွားတာ။ မျက်နှာကတော့ မီးလောင်သွား တာမျိုး ဖြစ်တာ” ဟု ပြောသည်။
ဒဏ်ရာပြင်းထန်ရသည့် ကလေးမှာ အသက် ၁၃ နှစ်အရွယ် မောင်အိုက်အွမ် ဆိုသူဖြစ်ပြီး လက်ရှိတွင် နမ့်ဆန် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်လည်း သိချင်လို့ စုံစမ်းကြည့်နေတာ ဘယ်သူ မှ မသိဘူး ဖြစ်နေတယ်။ ပေါက်ကွဲသွားတော့ မသိရတော့ဘူး။ ကာရကံရှင် မေးတော့လည်း သူလည်း သေချာ မသိ ဖြစ်နေတာ။ သူရဲ့ ဘယ်ဘက်လက်က လက်ချောင်း သုံးချောင်းတော့ ပြတ်သွားတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း မန်တုံမြို့ရှိ စစ်ရှောင်စခန်းက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး စစ်ကောင်စီတပ် အမှတ် (၁၃၀) စခန်းဟောင်းအနီးတွင် မှိုသွားရှာရင်း မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်သွားခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က သတင်းနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။
မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ၏ ၂၀၂၄ ခုနှစ် ဇန္နဝါရီလမှ မတ်လအထိ ကောက်ခံရ ရှိထားသည့် စာရင်းအရ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သာ ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူစာရင်းတွင် ရှမ်းပြည်နယ်၌ အများဆုံး ဖြစ်သည်ဟု သိရသည်။
တနိုင်ငံတဝှမ်း၌ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရှိသူ ၃၃၉ ဦး ရှိခဲ့ရာ ရှမ်းပြည်နယ်ထဲတွင် ၈၄ ဦး၊ စစ်ကိုင်း တိုင်းထဲ၌ ၆၆ ဦးနှင့် ပဲခူးတိုင်းထဲတွင် ၄၂ ဦးရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပေါက်ကွဲမှု အကြိမ်ရေမှာ နိုင်ငံတဝှမ်း၌ ၂၁၇ ကြိမ် ဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်တွင် ၆၄ ကြိမ်၊ စစ်ကိုင်းတိုင်းထဲ တွင် ၃၃ ကြိမ် နှင့် ပဲခူးတိုင်းထဲတွင် ၂၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) က ထုတ်ပြန်ထားသည်။