မြိတ်တွင် လမ်းသွားလမ်းလာများကို VPN စစ်ဆေးပြီး ခြိမ်းခြောက်ငွေတောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

ဖုန်းအတွင်း VPN App အသုံးပြုသည်ကို စစ်ဆေးတွေ့ရှိသည်ဟု ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ရှိနေသည်ဟု မြိတ်မြို့ခံ အချို့ကပြောသည်။ 

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဇွန်လ ၁၃ ရက်နေ့ တစ်နေ့တည်းမှာပင် လေယာဉ်ကွင်းလမ်းဆုံ၊ ပုလဲရတနာ ခန်းမ အရှေ့နှင့် တပ်ပြင်ရပ်ကွက် လမ်းဆုံများတွင် လမ်းသွားလာသူများအား တားဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

VPN APP ကိုတားဆီးစစ်ဆေးရာတွင် ယာဉ်ထိန်းရဲယူနီ ဖောင်းဝတ်ထားသူ ၈ ဦးနှင့် လက်နက်ကိုင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးက ပူးပေါင်း၍ စစ်ဆေးပြီး ငွေကြေးတောင်းနေခြင်းဖြစ်ကြောင်း မြိတ်မြို့ခံများက ဆိုသည်။ 

စစ်ဆေးနေချိန်တွင် ယာဉ်ထိန်းရဲများက လမ်းမပေါ်၌ စစ်ဆေးနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းကြားများထဲတွင် လျှို့ဝှက်ရှိနေကြောင်း ဆိုသည်။ 

စစ်တပ်ကက အာဏာသိမ်းယူပြီးသည့်နောက် Facebook နှင့် လူမှုကွန်ရက် စာမျက်နှာများ သုံးစွဲခွင့် မရအောင် ပိတ်ပင်ထားသည့်အတွက် အင်တာနက် အသုံးပြုသူများမှာ VPN App များကို ကြားခံပြီးမှ လူမှုကွန်ရက် စာ မျက်နှာကို သုံးစွဲနေရခြင်း ဖြစ်သည်။ 

ဒဏ်ငွေ နှစ်သိန်းဆောင်ခဲ့ရသူ အင်းလေးမြိုင်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ပုလဲ ရတနာ ခန်းမရှေ့မှာ ဆိုင်ကယ်ကို ရပ်ခိုင်းတယ်၊ ဖုန်းခဏပြလို့ ပြောပြီး ဖုန်းကို စစ်ဆေးတယ်၊ VPN တွေ့ တာနဲ့ ဒါသုံးရင် ဖမ်းမယ်လို့ ပြောထားတာ မသိဘူးလား မေးပြီး ဒဏ်ငွေ ၂သိန်း ရိုက်လိုက်တာပဲဗျာ” ဟု ပြော သည်။ 

စစ်ဆေးခံရချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ် ရှိ မရှိ စတဲ့ မေးခွန်းများလည်း အမေးခံခဲ့ရပြီး နောက်ထပ် အသုံးပြုနေပါက ထောင်ချခံရမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခံလိုက်ရသည်ဟု ၎င်းက ဆိုသည်။ 

မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမ အရှေ့တွင် ညနေပိုင်းအချိန်ထိ VPN စစ်ဆေးမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

၂၀၂၄ ခုနှစ်၊ မေလကုန်တွင် စစ်ကောင်စီက VPN အသုံးပြုမှုများကို နည်းပညာသုံး ပိတ်ပင်ပစ်ခဲ့ပြီး အသုံးပြုသူ များကိုလည်း ဖမ်းဆီးငွေတောင်းနေခြင်း ဖြစ်သည်။ 

ရန်ကုန်၊ ပြည်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နှင့် မကွေးမြို့များတွင်လည်း လမ်းသွားလမ်းလာများ၏ ဖုန်းများကို စစ် ဆေးလျက်ရှိနေပြီး VPN တွေ့ရှိပါက ငွေကျပ်သောင်း ဂဏာန်းမှ သိန်းဆယ်ချီ အထိ တောင်းခံနေသည်ဟု လွတ် လပ်သည့် သတင်းဌာနများကလည်း ဖော်ပြနေကြသည်။