တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် လူငယ်တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုထဲကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဝေဟင်မှ တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံအချို့ ပျက်ဆီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။ 

ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် တကူကျေးရွာအုပ်စု အတွင်းရှိ ပြည်အေးကျေးရွာနေ အသက် ၂၀ နှစ် မောင်ချမ်းစိုးမှာ ခါးတွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း တိုက်ခိုက်ခံရသည့် ပြည်အေးကျေးရွာနေ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“ကောင်လေးက တိုက်ရိုက်ထိတာ မဟုတ်လို့ တော်သေးတာ အဝေးကနေ အစလာစင်တာ၊ ဗုံးက အလုံး ၂၀ ကျော်လောက်ရှိမယ်၊ လာကြဲတဲ့ အချိန်အိမ်ထဲက မထွက်ရဲပဲ ပုန်းနေရတယ်၊ အခုတော့ နီးစပ်ရာ လုံခြုံတဲ့ နေ ရာကို ရွှေ့နေပါတယ်” ဟု ပြောသည်။ 

တကူကျေးရွာအုပ်စုထဲရှိ အင်းရှည်ကုန်းကျေးရွာ၊ ခြောက်အိမ်စုကျေးရွာ၊ ပြည်အေးကျေးရွာနှင့် သံတိုက်ကျေး ရွာတို့ကို စစ်ကောင်စီ လေတပ်မှ လာရောက် တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။ 

တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်မှ MI 2 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ဝေဟင်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ 

တနင်္သာရီမြို့နယ်တွင် ယခုဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား စစ်ရေး အခြေအနေ ငြိမ်သက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ကျေးရွာများကို အကြောင်းမဲ့ လေကြောင်း မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ အချို့လည်း ရှိခဲ့ပြီး အင်းရှည်ကုန်း ကျေးရွာ မီးသတ်ရုံးဘေးရှိ အဆောင်တစ်ခုနှင့် ပြည်အေးကျေးရွာမှ နေအိမ်တစ်ဆောင်တို့ ထိခိုက်ပျက်စီးခဲ့ သေး ကြောင်း ဆိုသည်။ 

စစ်ကောင်စီက ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်မှ စတင်ပြီး တနင်္သာရီတိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်အရှေ့တော ဒေသတို့ကို မကြာခဏ ဆိုသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ပြီးခဲ့သည့် မေလကလည်း သရက်ချောင်းမြို့နယ် အတွင်းရှိ ဂုံညှင်းဆိပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ကတွဲ ကျေးရွာတို့ကို လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ခဲ့သေးကြောင်း ရွာသားများက ဆိုသည်။