ထားဝယ်ထောင် ဆရာဝန် ရုတ်တရက် သေဆုံး။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်။
ထားဝယ်အကျဥ်းထောင် ဆေးပေးခန်းတွင် တာဝန်ကျနေသည့် ဆရာဝန်တစ်ဦး ရုတ်တရက် နေမကောင်းဖြစ် ကာ စစ်ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု အကျဥ်းဦးစီးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရုတ်တရက် နေမကောင်းဖြစ်ခြင်းကြောင့် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အမှတ်-၁၂ ကုတင် ၁၀၀ စစ်ဆေးရုံကို တင် ဆောင်ထားစဥ် ဇွန်လ ၁၂ရက်နေ့ ညပိုင်းက သေဆုံး သွားခြင်းဖြစ်သည်။
ရုတ်တရက် သေဆုံးသွားသူ ဒေါက်တာအောင်မင်းခန့်မှာ ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ များ၏ ဆေးပေးခန်းအတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်း ဖြစ်သည်ဟု နိုင်ငံရေး အကျဥ်းဟောင်း တစ်ဦး က ပြောသည်။
ဒေါက်တာအောင်မင်းခန့်သည် မြိတ်မြို့ရှိ ၅/၁၀၀ စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ထားဝယ် အကျဥ်းထောင်၌ တာဝန်ချထားခြင်း ခံခဲ့ရသူ ဖြစ်သည်။
အကျဥ်းဦးစီးအရာရှိတစ်ဦးက “အရင်ရှေ့ရက်တွေက ထောင်ထဲကို အဝင်အထွက် လုပ်နေတာ အကောင်း သက် သက်ပါပဲ၊ အတွင်းကလီစာထဲက တစ်ခုခု မကောင်းတာဖြစ်မယ်” ဟု ပြောသည်။
ဒေါက်တာအောင်မင်းခန့်၏ အလောင်းကို ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ဆေးရုံမှ တဆင့် နေအိမ်သို့ သယ်ဆောင်လာခဲ့ကြောင်း အကျဉ်းဦးစီးအရာရှိက ဆိုသည်။
ထားဝယ်အကျဥ်းထောင်ရှိ ဆေးခန်းတွင် ၂၀၂၃ နှစ် အလယ်ခန့်အထိ ဒေါက်တာအောင်မင်းခန့်နှင့် ဆေးမှူးနှစ်ဦး တို့ တာဝန်ထမ်းဆောင်ခဲ့ပြီး သြဂုတ်လအတွင်း ဆေးမှူးကြီး ဦးဝင်းဇော်ကို ထောင်အတွင်း စျေးရောင်းချသည့် ကိစ္စနှင့် ပတ်သက်ပြီး ပုဒ်မနှစ်ခုနှင့် တရားစွဲကာ ထောင်ဒဏ် ၁၁ လ အမိန့်ချမှတ်ခဲ့ကြောင်း နိုင်ကျဉ်းဟောင်း တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် ထောင်ချခံရသည့် ဆေးမှူးကြီး လွတ်ငြိမ်းနှင့် ပြန်လွတ်လာခဲ့သော်လည်း တာ ဝန် ပြန်လည်ထမ်းဆောင်ခြင်းမျိုး မရှိတော့ကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ ပြောပြချက်အရ သိရသည်။
နောက်ထပ် ဆေးမှူးတစ်ဦးသည်လည်း ယခုနှစ်မတ်လအတွင်းက CDM လုပ်လိုက်ခြင်းကြောင့် ဒေါက်တာ အောင်မင်းခန့်တစ်ဦးတည်း ထားဝယ်ထောင်တွင်း ဆေးကုသမှု အပိုင်းကို လုပ်ဆောင်နေရသူ ဖြစ်သည်။
ထားဝယ်ထောင်အတွင်းရှိ အကျဥ်းသား၊ အကျဥ်းသူများသည် မိမိသဘောအတိုင်း ဆေးရုံဆေးခန်းများ သွားခွင့် ရသည့် နေရာမဟုတ်သောကြောင့် ထောင်အတွင်း၌ ဆရာဝန်နှင့် ဆေးမှူးအသစ်များ အမြန်ဆုံး အစားထိုးခန့်အပ် ပေးစေလိုကြောင်း အကျဥ်းသားများက ပြောသည်။
ထားဝယ်ထောင်တွင်း ဆေးခန်း၌ ယခုဇွန်လ အစတွင် အဖျားပျောက်ဆေးတစ်မျိုးက လွဲ၍ ကျန်သည့် ဆေးဝါး များ လုံးဝပြတ်တောက်ခဲ့သည်အထိ ဖြစ်ခဲ့သေးသည်။
ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းသားစုစုပေါင်း ၁၂၀၀ ကျော်ရှိပြီး နိုင်ငံရေးအမှုများဖြင့် ဖမ်းဆီး ချုပ်နှောင် ခံထားရသည့် နိုင်ငံရေး အကျဥ်းသား၊ အကျဥ်းသူ အယောက် ၆၀၀ နီးပါးရှိနေသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူ များက ပြောသည်။