ကျောက်နီမော်ရှိ ပျူစောထီးများ စုရပ်လုပ်လေ့ရှိသည့် အိမ်ကို ပကဖက ဝင်ရောက်စီးနင်း
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်။
ကျောက်နီမော်ရှိ ပျူစောထီး စုရပ်လုပ်လေ့ရှိသည့် အိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဝင်ရောက် စီးနင်းခဲ့သည်။
အဆိုပါ ပျူစောထီစုရပ် လုပ်လေ့ရှိသည့် နေအိမ်တစ်ဆောင်ကို ဝင်ရောက်စီးနင်းခဲ့ရာ ပစ္စတိုသေနတ်၊ ကားနှင့် ဖုန်းများသိမ်းဆည်း ရမိခဲ့သည်ဟု လောင်းလုံးမြို့နယ် – ပကဖ အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ၏ လက်ရှိပျူစောထီးခေါင်းဆောင် ဦးစိုးသန်းနှင့် အဖွဲ့ဝင်များ စုရပ် အဖြစ်အသုံးပြုလေ့ရှိသည့် နေအိမ်ကို ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
ပကဖ အဖွဲ့တာဝန်ရှိသူက “ဝင်ဝိုင်းတာနဲ့ သူတို့က သတင်းရပြီး ထွက်ပြေးသွားကြတယ်၊ သေနတ်တချက်မှ မဖောက်လိုက်ရဘူး၊ သူတို့အိမ်ထဲမှာဝင်ရှာတာ ပစ္စည်းတွေသိမ်းမိတာပါ” ဟု ပြောသည်။
လောင်းလုံးမြို့နယ် – ပကဖတပ်ဖွဲ့ဝင်များ ပျူစောထီးစုရပ် နေအိမ်သို့ ရောက်ချိန်တွင် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းနှင့် အဖွဲ့ဝင်များက ကိုယ်လွတ်ရုံး ထွက်ပြေးသွားပြီး နေအိမ်အတွင်း ကျန်ရှိခဲ့သည့် ဦးစိုးသန်း၏ ပစ္စတို သေနတ်တစ်လက်၊ ဖုန်းနှစ်လုံးနှင့် ကားတစ်စီးကို သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပျူစောထီး ခေါင်းဆောင် ဦးစိုးသန်း၏ ကားကို သိမ်းယူလာစဥ် စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ကျောက်နီ မော်ကျေးရွာမှ ရွာသားများ ထွက်ပြေးကြရသည်။
အလားတူ ဇွန်လ ၁၀ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် လောင်းလုံး – ပကဖအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့နှင့် ပျူစောထီး မိသားစုဝင်များ စီးနင်းလာသည့် ငါးဖမ်း စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် နှစ် ဖက်ကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးကြောင်း တိုက်ခိုက်ရာပါဝင်ခဲ့သူ ပကဖအဖွဲ့ဝင်တစ်ဦး က ဆိုသည်။
ငါးဖမ်းစက်လှေအား ပစ်ခတ်တိုက်ခိုက်မှုထဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် စက်လှေမောင်း သမားတို့ သေနတ်ကျည် ထိမှန်ဒဏ်ရာရခဲ့ပြီး ထားဝယ်မြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်။
လောင်းလုံးမြို့နယ်ထဲက ကျောက်နီမော်ကျေးရွာသည် ပျူစောထီးအဖွဲ့ဝင် အားကောင်းသည့် ကျေးရွာဖြစ်ပြီး လက်ရှိတွင် ပျူစောထီး အင်အား အယောက် ၂၀ ကျော်ရှိနေသည်ဟု လောင်းလုံး – ပကဖ ပြန်ကြားရေး တာဝန် ရှိသူက ပြောသည်။