နမ္မတူနှင့် သီပေါ ဆက်သွယ်ထားသည့် လမ်းကို စစ်တပ်က ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်။
ရှမ်းမြောက် နမ္မတူမြို့နှင့် သီပေါမြို့ကို ဆက်သွယ်ထားသော လမ်းကို သွားလာ၍ မရအောင် စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် တူးပြီး ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၂ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် မိုးတေတံတား အကျော်၊ ပန်နေကျေးရွာ၌ မြေတူးစက်ဖြင့် ဖျက်ဆီးလိုက်ခြင်း ဖြစသည်။
မျက်မြင်တွေ့ခဲ့သူ တစ်ဦးက “ဘက်ဟိုးကားနဲ့ တူးတာ။ မနေ့ကတော့ အဲ့ဒီလမ်းပေါ်ကို ဆိုင်ကယ်ရော ကားရော သွားလာလို့ မရတော့ဘူး။ တကယ်လို့ သီပေါမြို့ကို သွားချင်တယ်ဆိုရင်တော့ တခြား တောလမ်းကနေ ဆိုင် ကယ်နဲ့တော့ တက်လို့ရတယ်။ ဒါပေမဲ့ တောထဲက ဖြတ်ရမှာ” ဟု ပြောသည်။
လက်ရှိတွင် ဆိုင်ကယ်နှင့် ကားများ သွားလာ၍ မရတော့ဘူးဟု ဆိုကြသည်။ အဆိုပါ လမ်းကို ဖြတ်သန်းသွား လာခွင့်လည်း ပိတ်ထားကြောင်း မျက်မြင်တွေ့ခဲ့သူက ဆိုသည်။
ထိုလမ်းပိုင်းအား သီပေါမြို့နယ်အတွင်းမှ ဒေသခံများအနေဖြင့် စစ်တပ်ကို ခွင့်ပြုချက်တောင်းကာ သွားလာနေ ရပြီး ကျန်သည့် မြို့နယ်များက ဒေသခံများအား သွားလာခွင့် မပေးဘူးဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်က လမ်းအား ဖျက်ဆီးလိုက်ခြင်းကြောင့် မော်တော်ယာဉ် အများအပြား ပိတ်မိနေပြီး ရေရှည် တွင် ကုန်ဈေးနှုန်းလည်း တက်လာနိုင်သည်ဟု ဒေသခံများက ဆိုကြသည်။
ထိုနည်းတူ ဇွန်လ ၁၃ ရက်နေ့ (ယနေ့)တွင်လည်း လားရှိုးမြို့အတွင်းရှိ လမ်းအဝင်အထွက်တို့ကို စစ်ကောင်စီ တပ်သားများက ပိတ်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပိုမိုတင်းတင်းကျပ်ကျပ် လုပ်နေသည်ဟု လာရှိုးမြို့ခံ အမျိုး သားတစ်ဦးက ပြောသည်။
လားရှိုးမြို့ခံက “မိုင်းယော်ကို သွားတဲ့လမ်းကို ပိတ်တာ။ မိုင်းယော် လမ်းပိတ်တယ်လို့သာ ပြောတာ အဓိက က ကွတ်ခိုင်တို့ မူဆယ်တို့ဘက် သွားတဲ့လမ်းနဲ့ နမ္မတူ ဘက်သွားတဲ့လမ်းကို ဖြတ်တောက်စေချင်လို့ အဲ့ဒီ နှစ်လမ်းကို ရွေးပိတ်တာ။ ပိတ်ပုံပိတ်နည်းက ထူးထူးခြာခြားပဲ။ တစ်ခါမှ ဒီလို ပိတ်တာမျိုး မရှိဖူးဘူး။ မြောင်းဖြစ်အောင် တူး ပြစ်တာ” ဟု ပြောသည်။
စစ်ကောင်စီတပ်က ပိတ်လိုက်သည့် လမ်းများသည် မိုင်းယော်ကို သွားသည့် ကောင်းဟုန်း၊ နမ့်ဖ နှင့် မန်နား ကျေးရွာတို့ကို ဖြတ်သွားရသည့် လမ်းပိုင်းများ ဖြစ်သည်။
၎င်းလမ်းပိုင်းသည် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း နှင့် မူဆယ်သို့ သွားရာတွင် အဓိကကျသော လမ်းကြောင်း လည်း ဖြစ်သည်။
ထိုနည်းတူ ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတုန်းက ကျောက်မဲမှ နမ့်ဆန်မြို့သို့ သွားသည့် လမ်းမကြီးကိုလည်း မြေနှင့် ဖို့ကာ ပိတ်ထားခဲ့ဖူးသလို သီပေါနှင့် နမ္မတူသို့ ဆက်သွယ်ထားသည့် မိုးတေတံတားကိုလည်း စစ်ကောင်စီ ဘက်က မိုင်းခွဲဖျက်ဆီးခဲ့ဖူးသည်။