စိတ်ကြွဆေးသောက်ထားသော မိခင်မှ ကလေးအပိုင်းပိုင်းပြတ်မွေးဖွား

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်။ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဆေးရုံတွင် အမျိုးသမီးတစ်ဦး လာရောက်မီးဖွားရာ ကလေးမှာ အပိုင်းပိုင်း ပြတ်ထွက် သေဆုံးသွားသည်။

မိုင်းပြင်းမြို့နယ်ဘက်မှ ယာမဆေးပြားသုံးစွဲသူ အမျိုးသမီးတစ်ဦးမှာ မီးဖွားရာမှ ထိုကဲ့သို့ ကလေးမှာ အပိုင်း ပိုင်းပြတ် သေဆုံးသွားခြင်းဖြစ်သည်။

ကလေးမိခင်မှာ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ဖြစ်ပြီး ကလေးမထွက်သောကြောင့် ဇွန်လ ၁၃ ရက်နေ့တွင် ကျိုင်းတုံဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ဆရာဝန် အကူအညီဖြင့် မီးဖွားခဲ့ရခြင်း ဖြစ်သည်။

ဆေးရုံနှင့် နီးစပ်သူတစ်ဦးက “မူးယစ်ဆေးဝါးအနေနဲ့ သုံးစွဲတာ မဟုတ်ဘဲနဲ့ မွေးလို့မရဘူးဆိုမှ ကြံရာမရ၊ ယာမ သောက်လို့ ရှိရင်တော့ အားရှိတယ်။ အလုပ်လုပ်လို့ကောင်းတယ်။ လူက တက်ကြွတယ်ဆိုတာ လူတိုင်း သိတယ် လေနော်။ အဲ့တော့ ဒီတိုင်းရိုးရိုးမွေးလို့ မထွက်တဲ့ခါကျတော့ မွေးဖို့အားရှိ‌အောင် မှီဝဲတာလို့ထင်တယ်။ ဒီတိုင်း ရိုး ရိုးမွေးလို့ အဆင်ပြေသွားရင်တော့ ဒီကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူးပေါ့” ဟု ပြောသည်။

ကလေးဖြစ်သူမှာ သေဆုံးသွားသော်လည်း ကလေးမိခင်မှာ အခြေအနေ ကောင်းမွန်လျက်ရှိရာ ၅ ရက်ခန့် ကုသ မှုခံယူပြီးပါက ဆေးရုံဆင်းနိုင်ပြီဟု ဆေးရုံနှင့် နီးစပ်သူက ဆိုသည်။

သို့သော် ကလေးမိခင်မှာ ငွေကြေး မပြေလည်သည့်အတွက် အကူအညီများလည်း လိုအပ်နေသည်။ ထို့အပြင် သက်ဆိုင်ရာမှ အမှုဖွင့် ဖမ်းဆီးနိုင်သည့် အတွက်လည်း အဆိုပါ အမျိုးသမီးက စိုးရိမ်နေသည်ဟု ဆိုသည်။

သားဖွားနှင့်မီးယပ် သင်တန်းတက်ထားသူ ဒေသခံ အမျိုးသမီးတစ်ဦးက “ကလေးတစ်ယောက်ကို ဘယ်လို ကိုင် ပြီးတော့ ဘယ်လို ထိန်းပြီးတော့မှ မွေးရမယ် ဆိုတာလည်း သူတို့မှ မသိတာလေနော်။ သူတို့မပြောနဲ့၊ ကျမတို့ တောင် ကိုယ်တတ်ထားတဲ့ ပညာကတစ် မျိုး၊ အဲ့လိုမျိုး အကျပ်ရိုက်ခဲ့တာလည်း ကြုံခဲ့တာပဲဆိုတော့။ သူတို့က တော့ ပိုဆိုးမှာပေါ့။ ကလေး အနေအထားတွေ၊ ဓာတ်မှန် ရိုက်ထားတာတွေလည်း မရှိ။ ဘာမှလည်းမရှိဘဲနဲ့ ဒီတိုင်း ဘလိုင်းကြီးမွေးတာ” ဟု ပြောသည်။

ကျိုင်းတုံနှင့် မိုင်းပြင်းမြို့နယ်များတွင် ‌ဒေသခံများမှာ တောင်ယာအလုပ်ကိုသာ လုပ်ကိုင်နေရပြီး ဝင်ငွေနည်းပါး ခြင်း၊ ကျန်းမာရေး ဗဟုသုတ မရှိခြင်း၊ ဘာသာစကား အခက်အခဲရှိခြင်း စသည့် အကြောင်းအရာများကြောင့် လက်သည်များဖြင့်သာ မီးဖွားနေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လက်သည်များမှာလည်း က‌လေးသူငယ်နှင့် မီးဖွားခြင်းဆိုင်ရာ အသိပညာ အားနည်းခြင်းကြောင့် မီးဖွား သည့်အချိန်တွင် ယာမသုံးစွဲခိုင်းခြင်း၊ အရက်သောက်ခိုင်းခြင်း၊ လူ ၂ ဦးက ကလေး မထွက်ထွက်အောင် ကိုယ်ဝန် ဆောင်၏ ဗိုက်ကို ဝါးလုံးဖြင့် လှိမ့်ခြင်း စသည့် အယူအဆလွဲများ ကျင့်သုံးနေပြီး မကြာခဏ ကလေးနှင့် ကလေး မိခင်သေဆုံးမှုများ ကြုံနေရသည်ဟု ဒေသတွင်း ကျန်းမာရေး ဗဟုသုတရှိသူများက ပြောသည်။