တပ်မဟာ အသစ်မှာ ပြည်သူလူထုကို ကာကွယ်ရန်ဟု KIA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်။
ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရန်အတွက် KIA က တပ်မဟာ ၁၁ ကို တိုးချဲ့ ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA က ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၁၁ ကို မေလနောက်ဆုံးပတ်ထဲတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး တပ်မဟာအသစ် ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။
“ပြည်သူလူထုရဲ့ လုံခြုံမှုတွေ ပြည်သူလူထုရဲ့ စားဝတ်နေရေးတွေ အားလုံးပေါ့ အခက်အခဲတွေ ရှိနေလို့ ကျနော် တို့က တပ်မဟာ ၁၁ ကို ထပ်ပြီးမှ ဖွင့်လိုက်တာ အခြေအနေတွေ ဖြစ်ပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်က တော့ ပြည်သူလူထုရဲ့ လူခြုံရေးတွေကို ကြည့်ပြီးမှ ဖွင့်လိုက်တာ ဖြစ်ပါတယ်။”
KIA တပ်မဟာ ၁၁ ကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် အစပ်ရှိ ထိန်းချုပ်ဒေသများကို အခြေပြု ပြီး ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“အဲဖက်ကတော့ ကျနော်တို့ နယ်မြေတွေနော် ကျယ်ပြန့်တယ်။ အရင်ကတော့ ကျနော်တို့ တပ်မဟာ ၃ ကနေ ကွပ်ကဲတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ခရိုင် ၂ ခုရှိပါတယ်။ ကျနော်တို့ရဲ့ ရွှေကူခရိုင်နဲ့ အိုလန်ပါခရိုင်ဆိုတဲ့ ခရိုင် ၂ ခုရှိပါတယ်။ တပ်ရင်းကတော့ တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ ရှိပါတယ်။ အဲ့ဖက်ကတော့ ရှမ်းမြောက်နဲ့ ဆက်စပ် တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ရှမ်းမြောက်ဖက်ပေါ့နော။ ဟို ရွှေလီမြစ်တစ်ကြောမှာ ဖြစ်ပါတယ်။ အဲဒီနယ် မြေကတော့ ကျနော်တို့ မန်ဝိန်းကြီး ဒေသမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်နဲ့ ဆက်စပ်တဲ့ နေရာမှာ ဖြစ်ပါတယ်။ ရွှေလီမြစ် တကြောလုံး ဖြစ်ပါတယ်။”
လက်ရှိ ဖွဲ့စည်းထားသည့် KIA တပ်မဟာ ၁၁ သည် ယခင်က KIA တပ်မဟာ ၃ ကွပ်ကဲမှုအောက်တွင် တည်ရှိပြီး အုပ်ချုပ်မှု သက်ရောက်ရန် အလှမ်းဝေးသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
ထို့ကြောင့် အဆိုပါ ဒေသများကို အုပ်ချုပ်မှု သက်ရောက်နိုင်ရန်နှင့် ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်း စိမ်ကို အကာအကွယ်ပေးရန် အတွက် တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု KIO/KIA က ပြော သည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မဟာ ၄၊ ၆၊ ၁၀ တို့နှင့် အခြေပြု လှုပ်ရှားနေပြီး ကချင်ပြည်နယ်အတွင်း၌ တပ်မဟာ ၁၊ ၂၊ ၃၊ ၅၊ ၇၊ ၈၊ ၉ တို့ လှုပ်ရှားနေသည်။
အဆိုပါ တပ်မဟာ ၁၀ ခု၏ အောက်တွင် အထူးတပ်ရင်း သုံးခု၊ သက်ဆိုင်ရာ ဒေသအခြေစိုက် တပ်ရင်း ၂၄ ခု၊ လှုပ်ရှားတပ်မ နှစ်ခု၊ ဒေသတခုနှင့်တခု လှုပ်ရှား သွားလာသည့် တပ်ရင်း ၂၇ ခုရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
ဓါတ်ပုံ – The Kachin Net