တနင်္သာရီအတွင်း ဗျူဟာမြောက် စခန်းတစ်ခုကို KNU တိုက်ခိုက်သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်။
နှစ်ပေါင်း ၂၇ နှစ်ကြာ တပ်စွဲထားသည့် တနင်္သာရီမြို့နယ်အတွင်းရှိ အောင်သာဝရစခန်းသိမ်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးထက် မနည်းသေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု KNU တပ်မဟာ ၄၊ မြိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ပလောက်မြို့၏ အရှေ့ဘက်အနီး တနင်္သာရီ မြစ်ကမ်းနံဘေးတွင်ရှိသည့် အောင်သာဝရစခန်းကို KNU တပ်မဟာ ၄၊ KNDO တပ်ရင်း ၇ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လွန်ခဲ့သည့် တစ်လလောက် ကတည်းက စစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့၊ မွန်းတည့်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
အောင်သာဝရစခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း လက်နက်ချ ခြင်းမရှိ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပူးပေါင်းတပ်ဖွဲ့ ၏ ပြန်ကြားရေးတာ ဝန်ရှိသူ တစ်ဦးက “စစ်သားခန့်မှန်း အယောက် ၃၀ လောက်က ထွက်ပြေး သွားကြတယ်။ လက်ရှိက ၁၇ လောင်းပဲ ရထားသေးတယ်။ နယ်မြေ ရှင်းလင်းရေးလည်း လုပ်နေတာကြောင့် စခန်းသိမ်းတိုက်ပွဲ အတွင်းမှာ တော်လှန်ရေးတပ်တွေ ဘက်ကလည်း ထိခိုက်ကျဆုံးမှု တချို့ရှိခဲ့တယ်။ အသေး စိတ်ကိုတော့ မသိရသေးပါဘူး” ဟု ပြောသည်။
စခန်းသိမ်းတိုက်ပွဲ အပြီးတွင် စခန်းအတွင်းက စစ်ကောင်စီတပ်သား အလောင်း ၁၇ လောင်းကိုတွေ့ရှိခဲ့သည်ဟု ပဒိုစောအယ်နားက အတည်ပြု ပြောဆိုသည်။
ထို့အပြင် စခန်းအတွင်းထဲမှ ၁၂၀ မမ လက်နက်ကြီး နှစ်လက်၊ ၈၁ မမ လက်နက်ကြီး တစ်လက်၊ ၆၀ မမ လက် နက်ကြီး တစ်လက်၊ စက်လက်နှစ်လက်၊ RPG နှစ်လက်၊ စနိုက်ပါနှစ်လက်၊ ၁၂၀ မမ ကျည် ၁၈၀ ကျော်၊ ၆၀ မမ ကျည် တစ်ရာကျော်အပြင် သေနတ်များနှင့် မိုင်း အများအပြားကိုလည်း သိမ်းမိခဲ့သည်။
အောင်သာဝရ စခန်းကို KNU တပ်မဟာ ၄ ၏ Black Tiger စစ်ကြောင်းမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကြောင်းအတွင်း KNDO တပ်ရင်း ၇၊ KNLA တပ်ရင်း ၁၀ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ပါဝင် ခဲ့ကြသည်။
အောင်သာဝရ စခန်းသည် ၁၉၉၇ ခုနှစ်ကတည်းက ရှိနေသည့် စခန်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် တွင် ပုလောအခြေစိုက် ခလရ -၂၈၅ နှင့် မြိတ်အခြေစိုက် အမတ – ၃၀၁ တပ်ရင်း၏ တပ်ခွဲတစ်ခုတို့ ပူးပေါင်း၍ အင်အား ၅၀ ခန့်ဖြင့် ပူးပေါင်း အထိုင်ချထားသည့် စခန်းဖြစ်သည်။
အောင်သာဝါရ စခန်းကို သိမ်းပိုက်လိုက်ခြင်းကြောင့် တနင်္သာရီတိုင်း အတွင်း၌ စစ်အာဏာသိမ်းပြီးသည့်နောက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီစခန်းနှင့် ပျူစောထီးစခန်းပေါင်း ၁၀ ခု အထိ ရှိလာခဲ့ပြီ ဖြစ်သည်။