ကရင်နီ စစ်ရှောင်စခန်းတစ်ခု စားနပ်ရိက္ခာ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်။

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် စားနပ်ရိက္ခာမရရှိသည်မှာ ၆လ ရှိပြီဟု စစ်ရှောင် စခန်းတာဝန်ခံက ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ရောင်ခြည်ဦး စစ်ရှောင်စခန်း တာဝန်ခံ ဦးဆန်းဒေးထူးက “အလှူရှင်တွေ ပြတ်လပ်နေတာလည်း ကြာနေပါပြီ။ ၆လ ရှိသွားပြီး ဒီဇင်ဘာလနောက်ပိုင်း တစ်လပိုင်း အဲ့ကနေ စတယ်ပေါ့နော်။ တချို့မိသားစုတွေ ဆိုရင် ကျပန်းအလုပ် ကြုံရာ လက်လုပ်လက်စားပေါ့ သူများခေါ်မှ သွားရမယ့်ဟာလည်း အခုက ကိုယ့်ဝမ်းစာ အတွက်ကို လိုက်ရှာ တစ်ရက်မှ ၈၀၀၀ အဲ့လိုမျိုး အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်” ဟု ပြောသည်။

ယခင်နှစ်တွင် အလှူရှင်များ၊ အဖွဲ့အစည်းများက လာရောက်ကူညီမှု များသော်လည်း ယခု ၂၀၂၄ ခုနှစ် နှစ်စပိုင်းက စတင်၍ အကူအညီများ မရောက်လာတော့ဟု ဆိုသည်။

အလားတူ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်သည့် အချိန်မှ စတင်၍ လွိုင်ကော်မြို့က ပြည်သူများလည်း ထပ်မံ စစ်ဘေးရှောင်လာကြရသဖြင့် စစ်ရှောင်သူဦးရေ ပိုတိုးများလာပြီး ၎င်းတို့အတွက်လည်း စားနပ်ရိက္ခာ များ လိုအပ်မှု ရှိနေသည်ဟု ဦးဆန်းဒေးထူးက ဆိုသည်။

လက်ရှိတွင် အကူအညီပေးရေးအဖွဲ့များက ပိုမို ကြပ်တည်းသည့် နေရာများကို ဦးစားပေးရသည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်များထံ အကူအညီရောက်ရှိမှု လျော့နည်းသွားခြင်း ဖြစ်သည်။

ရောင်ခြည်ဦး စစ်ဘေး ရှောင်စခန်းမှ ဒေါ်ဂျိုဝါးနာက “အခက်အခဲ အကြပ်တည်းကတော့ စားနပ်ရိက္ခာပေါ့နော်။ အခုမိုးရာသီလည်း ရောက်ပြီဆိုတော့ အမိုးအကာတွေပေါ့။ ကြုံရာပဲပေါ့ ကြုံရာပဲ ရှာစားရတာပေါ့။ လျော့စား ရတာပေါ့။ အရင်ကလိုမျိုး ပေါပေါသီသီ မစားရတော့ဘူး ပေါ့နော်။ အဓိက ကတော့ စစ်ရေးရယ်၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းလို့၊ ပြီး စက်သုံးဆီတွေ ဈေးတက်လို့ နောက် စစ်လည်း တအားဖြစ်တော့ ဘယ်သူက လာချင်တော့မလဲ“ ဟု ပြောသည်။

စားနပ် ရိက္ခာပြတ်လပ်နေသည့် ၆ လတာ ကာလအတွင်း လွိုင်နန်းဖဇုန်အတွင်း တာဝန်ခံ၏ ထောက်ခံစာဖြင့် လွိုင်ကော် ဂရုဏာအသင်းက စစ္စတာများထံတွင် မိသားစုတစ်စုစာအတွက် တစ်လစာဆန်ကို သွားရောက် ထုတ်ပေးပြီး ဖြေရှင်းနေရသည်ဟုလည်း ရောင်ခြည်ဦး စစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ခက်ခဲတဲ့သူ များပြားလာပြီး စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်းမှု လိုအပ်ချက်မှာ စစ်ဘေးရှောင်စခန်း အားလုံးနီးပါး ဖြစ်နေသည်ဟု စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက “တစ်ကယ့် ခက်ခဲတဲ့ စစ်ရှောင်တွေက တော်တော်များတယ်။ တချို့ဆို ဆန်ပြုတ်ပဲ ပြုတ်စားတာ တွေ့ရတယ်ပေါ့နော်။ များသောအားဖြင့် အခြေခံ မရှိ တဲ့သူတွေက အလှူမလာဘူးဆိုရင် သူတို့ မစားရတော့ဘူးလေ။  မရှာစားတတ်တော့ဘူး။ အလုပ်အကိုင် မရှိဘူး။ ဝင်ငွေ မရှိဘူး။ နောက်ဈေးတွေက တအားတက်တယ်။ အဲ့မျိုးတွေကြောင့် မဝယ်စားနိုင်ဘူး။ အဲ့လိုလူတွေ ခပ် များများ တွေ့ရတယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် ဆန်ပြုတ်စားနေရသည့် စစ်ရှောင်မိသားစုများပင် ရှိလာနေသည်ဟု ဆိုသည်။

ကရင်နီပြည်နယ်အတွင်း စစ်ရှောင်လူဦးရေမှာ နေ့စဉ်နှင့်အမျှ တိုးလာနေသောကြောင့် အကူအညီအပေးရေး အဖွဲ့များ၊ အလှူရှင်များအနေဖြင့် အလျင်မမီသည်များ ပိုဖြစ်သည်ဟု အကူအညီပေးနေသူက ဆက် ပြောသည်။

“လှူတဲ့ အဖွဲ့တွေကတော့ လှူတယ် အမြဲတမ်းတော့ မမီဘူး။ ပြတ်တောက် သွားတာမျိုးလည်း ရှိတယ်။ တစ်ဖွဲ့ နည်းနည်း နည်းနည်းတော့ ကူနေပါတယ်။ ဒါပေမဲ့ လုံလုံလောက်လောက် မကူနိုင်ဘူးပေါ့။ ဥပမာ အယောက် တစ်ထောင်စာ ဆိုလို့ရှင် ဒီဘက်စခန်း နှစ်ခု သုံးခုလောက် ရွေးလိုက်ရင် ပြည့်သွားပြီလေ။ ဟိုဘက် ဒီဘက်က အမြဲတမ်းတော့ မဖြစ်နိုင်ဘူးလေး။ ဒီဘက်ကူရင် ဟိုဘက်ကျ အလှူရှင်မမီဘူးပေါ့နော်။”

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ရောင်ခြည်ဦး စစ်ရှောင်စခန်းအတွင်း  အိမ်ထောင်စု ၆၉ စု၊ စုစုပေါင်း လူဦးရေ ၂၈၅ ဦး ရှိသည်။

ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် KCSN ၏ စာရင်းအရ ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် စစ်ရှောင် လူဦးရေအများဆုံး ဖြစ်ပြီး စုစုပေါင်း အယောက် ၈၀,၀၀၀ ကျော် ရှိသည်။ ၎င်းတို့အားလုံးအတွက် ရိက္ခာ ပြတ်လပ်မှုကြုံနေရသည်မှာ ၆ လရှိပြီ ဖြစ်သည်ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာအပြင် မိုးတွင်းကာလဖြစ်သောကြောင့အမိုးအကာလည်း လိုအပ်နေ သည်ဟု စစ်ရှောင်များနှင့် စခန်းတာဝန်ခံက ပြောသည်။