မယ်စဲ့ နေရပ်ပြန်များ စားဝတ်နေရေး အခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်။
ကရင်နီပြည် သံလွင်အရှေ့ဖက်ခြမ်း မယ်စဲ့ဒေသရှိ နေရပ်ပြန် ဒေသခံများ စားဝတ်နေရေး အခက်တွေ့နေကြ သည်။
သံလွင်အရှေ့ဖက်ခြမ်း မယ်စဲ့ ဒေသရှိ ဒေသခံများသည် ၂၀၂၃ ခုနှစ် စက်တင်ဘာကစတင်ပြီး ယနေ့အချိန်ထိ တဖြည်းဖြည်းချင်း နေရပ်ပြန်နေကြခြင်း ဖြစ်သည်၊။
ဒေသခံ လူငယ် အမျိုးသားတစ်ဦးက “စစ်ရှောင်ရင်းကနေ စစချင်း ပြန်ရောက်တော့ အရမ်းခက်ခဲပါတယ်။ ဘာ လို့လဲဆိုရင် ပုံမှန် ကျနော်တို့က စိုက်ပျိုးရေးနဲ့ပဲ လုပ်ကိုင် စားသောက်ကြတာလေ။ အရင်နှစ်က မိုးတွင်းကြီး ပြေးလိုက်ရတော့ ဘာမှ မစိုက်လိုက်ရဘူး။ စိုက်ထားခဲ့တဲ့ဟာတွေလည်း ပေါင်းပင်တွေဖျက်လို့ ပေါင်းပင် မရှင်း ခဲ့ရတော့ အပင်မသန် တိရိစ္ဆာန်တွေကဖျက် အကုန်ပျက်ကုန်တယ်။ ဘာတစ်ခုမှ ပြန်သိမ်းဆည်းလို့ မရခဲ့ဘူး။ ဘာမှ စုဆောင်းထားခဲ့တာလည်း မရှိတော့ ဘာမှမရှိတော့ဘူး ဖြစ်သွားတယ်ပေါ့” ဟု လက်ရှိ အခက်ခဲကို ပြော သည်။
လက်ရှိတွင် စားဝတ်နေရေးနှင့် ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေကြသော မယ်စဲ့ဒေသခံများမှာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နီးစပ်ရာ ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသူများ ဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် မယ်စဲ့ဒေသခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက် အချို့မှာ ပြီးခဲ့သည့် နှစ် စက်တင်ဘာလကစပြီး နေရပ်ကို ပြန်ခဲ့ရသည်။ နေရပ်သို့ ပြန်လည်နေထိုင်ကြသည့် ဒေသခံများ ရှိသကဲ့သို့ အချို့မှာမူ နယ်စပ်ဒေသတွင် ဆက်လက်စစ်ရှောင်နေကြရဆဲ ဖြစ်သည်။
ထိုကဲ့သို့ စစ်ရှောင်ခဲ့ရပြီး ကာလတစ်ခုကြာပြီးနောက် နေရပ်သို့ပြန်လာသောအခါ ကြုံတွေ့ရသော အခက်ခဲများ ထဲက ကုန်စည်စီးဆင်းမှု ခက်ခဲလာသောကြောင့် စားဝတ်နေရေးအခက်အခဲမှာ ရေရှည်တွင် ပိုမို ခက်ခဲလာနိုင် သည်ဟု ဆိုကြသည်။
မယ်စဲ့တိုက်ပွဲပြီးနောက် ဒေသတွင်း ယရင်ကထက် ကုန်စည်စီးဆင်းမှု ပိုခက်ခဲလာ၍ ကုန်ဈေးနှုန်းများလည်း အဆမတန် တိုးမြှင့်လာနေသည်ဟု အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“လမ်းခရီးက ဝေးပြီး ကြမ်းတော့ လမ်းမှာ ကားပျက်တာတွေ လမ်းခရီးကြောင့် လမ်းမှာ ကုန်တွေ ပုပ်သိုး ပျက်သွားတာတွေ ရှိတယ်။ ဒါတွေကြောင့် ဟိုးဖက် လွိုင်ကော်၊ ဒီးမော့ဆိုဖက်မှာ ကုန်ဈေးနှုန်းက တစ်ဆ ဆိုရင် ဒီမှာ က ၃ ဆ ၄ ဆ လောက်ထိ ခုန်တက်သွားတယ်” ဟု ပြောသည်။
မယ်စဲ့ဒေသခံများသည် မိမိနေရပ်သို့ ပြန်လည် နေထိုင်ကြပြီ ဖြစ်သော်လည်း စားဝတ်နေရေးအတွက် အလုပ် အကိုင် မည်မည်ရရ မရှိကြဟု ဒေသခံလူငယ်များက ပြောသည်။
လက်ရှိတွင် လူနည်းစု လုပ်ကိုင်နေကြသည့် အလုပ်နှင့် ပတ်သက်၍ ဒေသခံလူငယ်တစ်ဦးက “ဈေးရောင်းတာ တစ်ခုတော့ရှိမယ် ဒါပေမယ့် ဈေးရောင်းတယ် ဆိုတာကလည်း ငွေကြေးတတ်နိုင်တဲ့ လူလောက်ပဲ အဆင်ပြေ တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ဆီမှာက အခြေခံလူတန်းစား များတဲ့အတွက် အယောက်စီတိုင်းက စီပွား ရေးကို လက်လှမ်း မမှီနိုင်ဘူးပေါ့နော်” ဟု ပြောသည်။
၎င်းတို့ ဒေသတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယခင်ရှိရင်းစွဲ စိုက်ပျိုးရေး လုပ်ငန်းများလည်း မလုပ်ကိုင် နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ဒေသခံများက ဆိုကြသည်။
ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “စီးပွာရေး လုပ်ကိုင် စားသောက်ဖို့အတွက်က ဒေသခံတွေရဲ့ လူဦးရေ ၃ ပုံ ၂ ပုံလောက်က ဘာအရင်းအနှီးမှ မရှိတဲ့အတွက် ဘယ်လိုမှ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေဘူး” ဟု ဒေသခံ များ၏ အလုပ်အကိုင် အခြေအနေနှင့် ပတ်သက်၍ ပြောသည်။
လက်ရှိအချိန်၌ ဒေသခံများသည် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်နေကြပြီး ရာသီပေါ်သီးနှံများကို ရှာဖွေ ရောင်းချခြင်းဖြင့် လတ်တလော စားဝတ်နေရေး အခြေအနေကို ရင်ဆိုင်ဖြေရှင်းနေကြရသည်။
မယ်စဲ့မြို့နယ်သည် ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမတိုင်မီ (အာဏာမသိမ်းခင်ကာလများ ၌) လွိုင်ကော်ဒေသမှ စားသောက်ကုန် ပစ္စည်းများကို အဓိကတင်သွင်းပြီး ထိုင်းနိုင်ငံဘက်မှ လူသုံးကုန်ပစ္စည်း အနည်းငယ် တင်သွင်းရသည့် ဒေသဖြစ်သည်။
သို့သော်လက်ရှိတွင် ပြည်နယ်အနှံ့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများ မယ်စဲ့ဒေသထဲ ရောက်ရှိလာရေးအတွက်ပင် စိန်ခေါ်မှုများရှိနေသည်။ လမ်းပန်းဆက်သွယ်ရေး အခြေအနေအကြောင့် ကုန်စည်စီးဆင်းမှုများပင် ရပ်တန့်နေသည်ဟု ဒေသခံများက ဆိုကြသည်။