စစ်ကောင်စီနှင့် ပြည်သူ့စစ်များ စစ်သားစုဆောင်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) တို့က တပ်သားသစ် အပြိုင်စုဆောင်းနေသည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များ က ပြောသည်။
ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသ၊ ဘုရားဖြူကျေးရွာ အုပ်စုတွင် ဇွန်လ ဒုတိယအပတ်အတွင်း ရွာခံများအား အစည်းအဝေး ခေါ်ယူ၍ တပ်သားသစ် အပြိုင်စုဆောင်းခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက “အခုက နှစ်ဖက်လုံး ပေးရမှာ။ ရွာထဲမှာ လူငယ်တွေကလည်း ကုန် နေပြီ။ သူတို့ ခေါ်သွားပြီး သေကုန်တာနဲ့၊ ထိုင်းထွက်ပြေးကြတာနဲ့။ မရှိလည်း မရရအောင် ရှာပေးရမယ် ပြော တယ်။ လုံးဝ ရှာမရရင်တော့ လူငှားရမှာပေါ့” ဟု ပြောသည်။
လတ်တလောတွင် စစ်ကောင်စီဘက်က အသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်း သတ်မှတ်ထားပြီး PNA ဘက်က အသက် ၁၈ နှစ်မှ ၄၀ နှစ် အတွင်း အမျိုးသားများအား အုပ်ချုပ်ရေးမှူးမှ တဆင့် စာရင်းကောက်ယူ ခိုင်းထား သည်ဟု ကျေးရွာနေပြည်သူများ၏ ပြောပြချက်အရ သိရသည်။
အုပ်ချုပ်ရေးမှူး ကောက်ခံထားသည့် စာရင်းများအား လာမည့် အပတ်အတွင်း သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးကို ပေးအပ်ရမည် ဖြစ်ပြီး ဇွန်လကုန်မှစတင်၍ တပ်ဖွဲ့ တစ်ခုစီက ကျေးရွာတစ်ရွာကို လူ ၃ ဦးနှုန်းဖြင့် ခေါ်ယူသွား မည်ဟု ဆိုသည်။
အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက “ဒီကာလက လူတစ်ယောက် ရဖို့တောင် တော်တော်ခက်တယ်။ ရှိမှ မရှိ ကြတာ။ PNO က ခေါ်သွားတဲ့ လူတွေလည်း သေတာက များများဆိုတော့ သူတို့ကို ထောက်ခံတဲ့ လူတွေတောင် မထည့်ကြတော့ဘူး။ အစည်းအဝေးတက်တဲ့ လူတွေကလည်း နီးရာဓါး ကြောက်နေရလို့ တက်ကြတာ။ သူတို့ကို ထောက်ခံတဲ့သူက မရှိသလောက်ပဲ” ဟု ပြောသည်။
စစ်မှုထမ်း အငှားစရိတ် အနေဖြင့် တစ်နှစ်စာအတွက် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း၃၀၀ အထိ ပေါက်ဈေးရှိပြီး လတ်တလောတွင် ကျေးရွာနေပြည်သူများ အနေဖြင့် ကုန်ဈေးနှုန်း မြင့်တက်လာခြင်း၊ သီးနှံဈေးကောင်း မရ သဖြင့် အရှုံးပေါ်ခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေရသည် ဖြစ်ရာ ငွေတိုးယူ၍ ထည့်ဝင်ရမည့် အခြေ အနေမျိုး ဖြစ်နေသည်ဟုလည်း ဆိုကြသည်။
ထို့အပြင် ဘုရားဖြူကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များက ပြည်သူပိုင် ကား ၅ စီးကို အလှည့်ကျ ချောဆွဲ အသုံးပြုနေပြီး ကိုယ်ပိုင်ကား မရှိသူများက တစ်အိမ်လျှင် ၅ ဦးစီ လုပ်အားပေး သွားနေရ သောကြောင့် ကျေးရွာနေ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ပူပင်သောက ရောက်နေရသည်ဟု ဆိုသည်။