ရှမ်းမြောက် နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း TNLA နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်းထဲက မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားပြည်သူ ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲမြို့နှင့် ကပ်လျက်ရှိသည့် ငြိမ်းချမ်းရေးကုန်း၊ မြို့အဝင်ကြိုဆိုပါ၏ စသည့် ဆိုင်းဘုတ်အနီး နေရာများ နှင့် မြို့ပတ်ပတ်လည်တွင် နှစ်ဘက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲမြို့တွင်း အခြေအနေနှင့် ပတ်သက်၍ မြို့ခံအမျိုးသားတစ်ဦးက စစ်ကောင်စီတပ်က မြို့ပတ်လည်ကတောင်ကုန်းတွေမှာ နေရာယူထားတာ အဲ့ဒီစခန်းသေးသေးတွေကတော့ ပြီးသလောက်တော့ရှိပြီး အကြီးတွေပဲကျန်တော့တယ် (၅၀၁)နဲ့ (၅၀၂)တို့တော့ကျန်နေသေးတယ်ဟု ပြောသည်။

တိုက်ပွဲများမှာ တနေကုန်နီးပါး ဆက်လက်ဖြစ်ပွားခဲ့ရာ မြို့တွင်းဈေးနှင့် မြို့လယ်ရပ်ကွက်တို့တွင် လမ်းသွားလမ်း လာများ တိတ်ဆိတ်နေပြီး အချို့ရပ်ကွက်များတွင်သာ အရေးကြီးကိစ္စများအတွက် သွားလာမှု အနည်းငယ်ခန့်ပဲ ရှိသည်ဟု မြို့ခံများက ပြောသည်။

စဖြစ်တဲ့ မနက်ပိုင်းကစပြီးရှောင်ကြတာ။ ရှမ်းတွေကတော့ ရှမ်းရွာတွေဘက်ကိုရှောင်ကြတာများတယ်။ နောင်ပိန်ဘက်လည်း အိမ်တွေရှိကြတော့ အဲ့ဒီဘက်တွေမှာရှောင်နေကြရတယ်။ မြို့ထဲမှာ မရှောင်သေးတဲ့လူတွေလည်းရှိသေးတယ် ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျောက်မဲတိုက်ပွဲအတွင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံး ခဲ့ပြီး အခြားဒေသခံ ၁ဦးလည်း ထိမှန်ဒဏ်ရာရှိခဲ့သည်ဟု ကျောက်မဲအခြေစိုက် နမ့်ခုံးရှမ်းများ ပရဟိတအသင်း ( ကျောက်မဲအသင်းခွဲ) က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

နောင်ချိုနှင့် ကျောက်မဲမြို့နယ်ထဲက စစ်တပ်စခန်းအချို့ကို ဇွန်လ ၂၅ ရက်နေ့၊ နံနက်အစောပိုင်းကစပြီး TNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် နောင်ချိုရဲစခန်း၊ ဆေးရုံနှင့် တိုးဂိတ်နေရာတို့ကို တိုက်ခိုက် သိမ်းပိုက် ထားနိုင်ပြီဟု ဒေသခံများက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အနောက်ပိုင်း ဒေါ်နန်းကြည်တောင်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား  ဇွန်လ ၂၅ ရက်နေ့၌ပင် တိုက်ပွဲ ပြင်းထန်နေခဲ့သည်။

မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက မနေ့ည ၁၁နာရီလောက်မှာတော့ မိုးကုတ်မြို့နယ်ထဲကပဲ ပိန်းအင် တောင်နီတို့ဘက် ဖြစ်တာကြားတယ်။ မနက် ၆နာရီလောက်တော့ မြို့ထဲ ဒေါ်နန်းကြည်တောင်ဖက်မှာ အခုချိန်ထိ ပစ်နေတုန်းပဲ။ မြို့ထဲက ရှောင်တဲ့သူတွေလည်း ရှောင်ပြီး မန္တလေးကိုသွားကြတယ်။ မသွားသေးတဲ့သူတွေလည်း ရှိတယ် ဟု ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် နေရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်း နှင့် ဗုံးကြဲခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်လာလျှက်ရှိရာ TNLA ရဲဘော်များ၊ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။

ထို့ကြောင့် ရှမ်းမြောက်ဒေသ အတွင်းရှိ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိန်၊ ကျောက်မဲ၊ သီပေါ စသည့် ဒေသ များတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိကြရန် ဇွန်လ ၂၄ ရက်နေ့တွင် TNLA ပြော ရေးဆိုခွင့်ရှိသူက သတိပေး ပြောဆိုထားသည်။