စစ်ရှောင်နှင့် နေရပ်ပြန်များအတွက် အစားအစာနှင့် အကူအညီများ ထပ်မံလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
ကရင်နီပြည်ရှိ စစ်ဘေးရှောင်များနှင့် နေရပ်ပြန် ပြည်သူများအတွက် စားနပ်ရိက္ခာ အကူအညီများ ထပ်မံ လိုအပ် နေသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူ များက ပြောသည်။
စစ်ဘေးရှောင်များနှင့် နေရပ်သို့ ပြန်နေထိုင်ကြသော ပြည်သူများအား ဆက်လက်၍ ကူညီပံ့ပိုးမှုများ လုပ်ဆောင် ပေး လျှက်ရှိသည်ဟု IEC တာဝန်ရှိသူက ပြောသည်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “အဓိကအုပ်စုကတော့ ကျနော်တို့ ဒီအုပ်စုကြီး နှစ်စုလို့ပြောလို့ရတယ်ပေါ့နော်။ပထမတစ်စုကတော့ စစ်ရှောင်ဆိုတဲ့ အုပ်စုဖြစ်တယ်။ဒုတိယတစ်စုကတော့ ကျနော်တို့ စစ်ရှောင်ပြီးတော့မှ တချို့နေရာတွေမှာ ပြန်နေလို့ရတဲ့နေရာတွေ ရှိလို့ပေါ့နော်။ ပြန်လည်နေလို့ရတဲ့နေရာကို ပြန်နေပြီးတော့မှ ကိုယ့်အိမ် ကိုယ့်ရွာမှာပြန်နေတဲ့သူတွေကို ဆက်လက်ပံ့ပိုးတဲ့ အခြေအနေတစ်ခုရှိတယ်ပေါ့နော်။ Returning လို့ပြောပြောပေါ့နော်၊ အဲ့လိုမျိုးနှစ်အုပ်စုကတော့ အဓိကကျတယ်လို့ ပြောလို့ရတယ်ပေါ့နော်” ဟု ပြောသည်။
ကရင်နီပြည်တွင် ကရင်နီ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ အပြင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများအပြင် မြေမြုပ်မိုင်းအန္တရာယ်များကြောင့် ကရင်နီ စစ်ရှောင်များ နေရပ်သို့ ပြန်နိုင်ရေး စိန်ခေါ်မှုများ ရှိနေကြသည်။
စစ်ကောင်စီတပ်များ ကင်းစင်သွားသောမြို့နယ်အချို့ရှိ နေရာများတွင် ပြည်သူအချို့ နေရပ် ပြန်လည်နေထိုင် ကြ သူများ ရှိနေပြီ ဖြစ်သော်လည်း မိုင်းရှင်းလင်းရေး လုပ်ငန်းများ မလုပ်နိုင်သေးသောကြောင့် စိန်ခေါ်မှုများ ရှိနေ သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC မှ ပြောသည်။
ကရင်နီပြည်အတွင်း စစ်ဘေးရှောင်စခန်းများရှိ ပုံမှန်စစ်ဘေးရှောင်များနှင့် ထပ်ဆင့်စစ်ဘေးရှောင်များအတွက် IEC အနေဖြင့် လက်လှမ်းမှီသလောက်သာ ကူညီဆောင်ရွက်ပေးနေသော်လည်း လိုအပ်ချက်များရှိနေဆဲဟု ဦးဗညားက ဆက်ပြောသည်။
“ပုံမှန်စစ်ရှောင်စခန်းမှာရှိတဲ့သူတွေကို ကျနော်တို့ ဒီကနေ အခါအားလျော်စွာဖြစ်စေ၊တောင်းဆိုမှုအရဖြစ်စေ၊ လိုအပ်ချက်အရဖြစ်စေ ဖြန့်ဝေတဲ့ပုံစံတစ်ခု ရှိတယ်။ ဒုတိယပုံစံကတော့ လတ်တလော ရွှေ့ပြောင်းစစ်ရှောင်ရတဲ့သူတွေပေါ့နော် ဆိုလိုရင်း အဓိပ္ပာယ်က တိုက်ပွဲတွေကြောင့်ဖြစ်စေ၊ တခြားဒေသ အရပ်ကနေပြန်လာတဲ့ သူတွေဖြစ်စေ ပြန်ဝင်လာတဲ့ အချိန်မှာ သူတို့အတွက်က ကျနော်တို့ ပိုပြီးတော့မှ ထောက်ပံ့မှုတွေက ပိုများပါတယ်။ ကျနော်တို့ လိုအပ်ချက်ကတော့ အင်မတန်မှပင် မြင့်မားနေဆဲဖြစ်ပါတယ်။”
စစ်ဘေးရှောင်များအတွက် အဓိကအားဖြင့် အခြေခံ စားနပ်ရိက္ခာဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ပဲများကို နှစ်လ တစ်ကြိမ် (သို့မဟုတ်) ၃လ တစ်ကြိမ် ကူညီပံ့ပိုးပေးလျှက် ရှိသော်လည်း လုံလောက်စွာ ထောက်ပံ့နိုင်ခြင်း မရှိသေးဟု ဦးဗညားက ပြောသည်။
ကရင်နီပြည်တွင် စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့်အမျှ နိုင်ငံတကာမှ စိတ်ဝင်စားမှု အားနည်းလာခြင်းနှင့် အလှူရှင် နည်းပါးလာခြင်းတို့ကြောင့် စားနပ်ရိက္ခာမှာ ဦးစားပေး လိုအပ်လျှက်ရှိသည်ဟု ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO ဥက္ကဋ္ဌ မော်ပရေးမြာက ပြောသည်။
“ပထမဦးစားပေးကတော့ စားဝတ်နေရေးပေါ့နော်။ ဘာဖြစ်လဲဆိုရင် တော်တော်များများက မြို့နယ်အလိုက်က လယ်ယာ၊တောင်ယာမစိုက်ပျိုးနိုင်တာ ၃နှစ် ကျော်ကြာလာတော့ ဒီအလှူရှင်တွေရဲ့ မှီခိုပံ့ပိုးမူနဲ့ သွားနေတယ်ပေါ့နော်။ ဒါ ရေရှည်ကလည်း ဒီအလှူရှင်တွေကလည်း နည်းသည်ထက်နည်းလာတယ်။ နိုင်ငံတကာကလည်း စိတ်ဝင်စားမူ အားနည်းလာတဲ့ အပေါ်မှာ ဆိုရင် အများကြီးရုန်းကန်ရတာမျိုးတွေ ရှိတာပေါ့နော်။ အထူးသဖြင့် စားဝတ်နေရေးလည်း ဒါပထမ ဦးစားပေး လိုအပ်တယ်။”
ကရင်နီပြည်ထဲတွင် ကရင်နီတော်လှန်ရေး တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးသည့်အပြင် စစ်တပ်ဘက်ကလည်း ပြည်သူများ နေထိုင်သော ကျေးရွာများနှင့် စစ်ဘေးရှောင် စခန်းများထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်လုပ်နေဆဲဟု စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။
ကရင်နီလူမှုအသင်းဖွဲ့များ ကွန်ယက် KCSN ၏ ဇွန်လ ၇ ရက်နေ့ထုတ် နှစ်ပါတ်တစ်ကြိမ် ထုတ်ပြန်ချက်အရ ကရင်နီပြည်နှင့် ဖယ်ခုံမြို့ နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်း ရှစ်သောင်းကျော် ရှိနေသေးသည်ဟု သိရသည်။