ဒိုက်ဦးထောင်တွင် နိုင်ကျဉ်း အမျိုးသမီးများ ဖိနှိပ်ခံနေရပြီး ဆေးကုသခွင့်ဆုံးရှုံးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်း ဦးစီးဌာန ဝန်ထမ်းများက နိုင်ငံရေး အကျဉ်းသူများကို ထောင်တွင်းဖိနှိပ်မှုများ ဆက်ကျူးလွန်နေပြီး ဆေးကုသ ခွင့်ပါ ဆုံးရှုံးနေသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။
မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှ မေလ ၁၅ ရက်နေ့က ပြောင်းရွှေ့လာသည့် နိုင်ကျဉ်းသူ ၆၀ ကျော် နှင့် ယခင်ကတည်းက ဒိုက်ဦးထောင်၌ ရှိနေသည့် နိုင်ကျဉ်းသူ ၄၀ ကျော်တို့ကို ပေါင်း၍ ထောင်တွင်း ဖိနှိပ်မှုများ ကျူးလွန်နေခြင်း ဖြစ်သည်။
မကြာမီရက်ပိုင်းအတွင်း ဒိုက်ဦးထောင်မှ လွတ်မြောက်လာသူ တစ်ဦးက “ဒိုက်ဦးထောင်က ကျန်းမာရေးနဲ့ ပတ် သက်ပြီးတော့ အခြေအနေက လုံးဝ ဆိုးရွားနေတဲ့ ထောင်ထဲမှာ ပါတယ်ပေါ့နော်၊ ကျမတို့ဆိုရင်လည်း အိပ်ယာ ထဲမှာ မထနိုင်တဲ့အ နေအထားမျိုးတွေ ကြုံနေတာတောင်မှ လာရပ်ကြည့်ပြီးတော့ သေရင် သေပလေ့ စေဆိုတဲ့ ပုံစံတွေနဲ့ အချိုးခံခဲ့ရတာတွေလည်း ကြုံခဲ့ရတာပေါ့နော်၊ လက်ရှိမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဒိုက်ဦး ထောင်မှာ ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အတွက် ဒိုက်ဦးထောင်မှာ ရှိနေတဲ့ နိုင်ငံရေး အကျဥ်းသား/သူတွေရဲ့ ကျန်းမာ ရေးကို စိတ်ပူပါတယ်” ဟု ပြောသည်။
ဒိုက်ဦးထောင်တွင် ဝါကျင့်ကျင့် အရောင်အဆင်းရှိ မသန့်ရှင်းသော ရေများကိုသာ သောက်ရေ၊ သုံးရေအဖြစ် ပေးအပ်ထားသည်ဖြစ်ရာ အသုံးပြုရသည့် နိုင်ကျဉ်းသူများတွင် အရည်ပြားယားယံခြင်းနှင့် ပွေး၊ ဝဲ၊ လိပ်ခေါင်း စသည့် ရောဂါများ ဖြစ်ပွားနေကြသည်ဟု ဆိုသည်။
ထိုသို့ ရောဂါဖြစ်ပွားနေသူများအား လုံလောက်သည့် ဆေးကုသခွင့် မပေးသည့်အပြင် လိုအပ်သည့် ဆေးဝါးများ ကိုလည်း ထောင်တွင်း ဆရာဝန်များမှ လာဘ်ပေး၊ လာဘ်ယူ ပြုလုပ်နေပြီး နိုင်ကျဉ်းသူများအား သာမာန် အကျဉ်းသူများထက် ဖိနှိပ်နေသည်ဟု ဆိုကြသည်။
နိုင်ငံရေး အကျဉ်းသူဟောင်း တစ်ဦးက “ကာမအိန္ဒြေ ပျက်ပြားအောင် ရှာဖွေရေးကအစ အကြောင်းပြချက် မျိုးစုံ နဲ့ နှိုက်ချွတ်ပြီးတော့ စစ်ဆေးခံနေရတာတွေလည်း ကျမတို့ ကြုံနေရတယ်ပေါ့၊ တနိုင်ငံလုံး အတိုင်း အတာမှာ ကျမတို့ နိုင်ငံရေးအကျဥ်းသူ ၅၀၀၀ ကျော်လေးပဲ ရှိပါတယ်ပေါ့နော်၊ အဲ့ဒီနိုင်ငံရေး အကျဥ်းသူတွေမှာ ခုဆိုလို့ ရှိ ရင် စားဝတ်နေရေးရော၊ ကျန်းမာရေးရော၊ အဖက်ဖက်မှာ စိတ်ပိုင်းဆိုင်ရာပါ ထိပါးစော်ကားတဲ့ အကျဥ်းဦးစီးနဲ့ စကစ ပူးပေါင်းလုပ်ဆောင်နေတဲ့ဟာမျိုး၊ ညှင်းပန်းနှိပ်စက်နေတာလည်း ခံနေရတယ်ပေါ့နော်” ဟု ပြောသည်။
ထိုသို့သော ချိုးဖောက်ခံနေရမှုများ ထပ်မံ မဖြစ်ပွားစေအောင် မိတ်ဖက်အဖွဲ့အစည်းများအပြင် နိုင်ကျဉ်းအဖွဲ့ များ၊ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံချင်သည်ဟု ဒိုက်ဦးထောင်မှ လွှတ်မြောက်လာသူက ဆိုသည်။
ဇွန်လ ၁၂ ရက်နေ့တွင် ကျိုက်မရော အကျဉ်းထောင်၌ အလုပ်ကြမ်း ခိုင်းစေချိန်အတွင်း အကျဉ်းသား တစ်ဦးမှာ အမျိုးသမီး အဆောင်ဘက်သို့ ဓါတ်လိုက်ပြီး ပြုတ်ကျခဲ့ရာ လုံလောက်သည့် ဆေးကုသခွင့် မရသောကြောင့် နိုင်ကျဉ်းသူများက ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
ထိုသို့ တောင်းဆိုခဲ့ကြသည့် နိုင်ကျဉ်းသူများအား ထောင်ဆူသည်ဟု အကြောင်းပြ၍ ဇွန်လ ၁၅ ရက်နေ့တွင် ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ထောင်တွင်း ဖိနှိပ်မှုများ လုပ်နေခြင်း ဖြစ်သည်ဟု လွှတ်မြောက် လာသူများက ပြောသည်။