ထာဝရ မဟာမိတ်များကြားက ဖြေရှင်း၍ မရသေးသော ပြဿနာများ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း ရှမ်းမြောက်မှာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကြား တင်းမာမှုတွေ၊ ပွတ်တိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ 

ဒီအဖွဲ့တွေထဲ ထာဝရ မဟာမိတ်အဖြစ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ပါသလို မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေလည်း ဖြစ်ကြပါတယ်။ ဒီပြဿနာတွေ ကြောင့် ဒေသခံတွေကတော့ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ 

လက်နက်ကိုင်အဖွဲ့တွေကတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာသွားမယ်လို့ ဆိုပါတယ်။ အတူတကွ ယှဉ်တွဲ နေထိုင်ရေးနဲ့ သဟဇာတဖြစ်ရေး ဘယ်လို ဖြစ်စဉ်နေကြပါသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ၊ စစ်ရေးပဋိက္ခတွေ ဖြစ်ပွားလာပြီးနောက် နယ်မြေတချို့ကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

ဒီလို ထိန်းချုပ်လာနိုင်တဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကြား မြေပြင်မှာ ပြဿနာတွေ၊ ပွတ်တိုက်မှုတွေ ဆက်တိုက်ရှိလာခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲ အခုနှစ် ဧပြီလအတွင်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အောက်ခြေတပ်တို့ကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အတွင်း ကွတ်ခိုင်ကို TNLA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရင်အရင်ကတည်း က ဖွင့်လှစ်ထားတဲ့ KIO/KIA ဆက်ဆံရေးရုံးကို ယာယီပိတ်ဖို့နဲ့ တပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့နေဖို့ ဧပြီလ ဒုတိယ ပတ်မှာ TNLA မြေပြင်တပ် အရာရှိတွေက ပြောဆိုခဲ့လို့ နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လထဲမှာလည်း ရှမ်းမြောက် မန်တုံမြို့နယ်နဲ့ မိုးမိတ် – မဘိမ်းဘက်မှာ KIA နဲ့ TNLA တို့ကြား နယ်မြေ ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါသေးတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီပြဿနာတွေဟာ အောက်ခြေက တပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တာ ဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း၊ အောက်ခြေမှာပဲ ပြီးသွားမယ့် ကိစ္စရပ်မျိုးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးနော်ဘူ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကချင်လွတ်လပ်ရေးအဖွဲ့ KIO  “အဲ့ဒါတွေလည်း အချင်းချင်း နားလည်မှုတွေ ကွဲလွဲတာ၊ ထင်မြင်ယူဆချက်တွေ နည်းနည်း မှားတာတွေပါတာ ပေါ့။ ဒါပေမယ့် အဲဒါတွေလည်း ပြန်ပြီးမှ ညှိနှိုင်း ပြန်ပြီးမှ အချင်းချင်း ဖြေရှင်းပြီးမှ အခုကတော့ ဆက်လက်ပြီး မှ အဲဒါတွေ ပြဿနာတွေ မရှိအောင် ကျနော်တို့ပေါ့နော ဥပမာ ဆက်ဆံရေးရုံး ဆက်သွယ် ရေးရုံးအရာရှိ အဲဒါနဲ့ ထိတွေ့ပြီးမှ အဲဒါနဲ့ ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ကျနော်တို့ သဘောတူထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က လည်း ကွတ်ခိုင်မြို့ရှိ ရုံးဌာန ၅ ခု ထက်မနည်းကို တပ်စွဲထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ တာကြောင့် TNLA ရဲ့ မြေပြင် တပ်အရာရှိတွေက သတိပေး တားမြစ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက KIA နဲ့ MNDAA တပ်ဖွဲ့တွေကို TNLA ဘက်က သတိပေးပြောဆိုမှုတွေ၊ ပွတ်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သုံးဖက်လုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုကိုတော့ ဧပြီ ၁၆ ရက်နေ့ လုပ်နိုင်ခဲ့ပြီး အချင်းချင်းကြား ပြေလည်မှုရခဲ့ကြတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဆိုပါတယ်။

ဒီလို လက်နက်ကိုင် အချင်းချင်းကြားမှာပဲ ပွတ်တိုက်မှုတွေ ရှိခဲ့တာ မဟုတ်ပါဘူး။ 

ရှမ်းပြည်မြောက်ပိုင်းက ရှမ်းဘာသာနဲ့ ရေးထိုးထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းဘာသာနဲ့ အစားထိုး မှုတွေကို TNLA ဘက်က လုပ်ခဲ့တာလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြေပြင်မှာရှိတဲ့ ဒေသခံတွေကတော့ သူတို့ရဲ့ သဘောထား မပါဝင်ဘူးလို့ ဆိုကြပါတယ်။ 

ကွတ်ခိုင်မြို့နယ်မှာ မူရင်းရှမ်းဘာသာနဲ့ ရေးထိုးထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကိုလည်း တအာင်း(ပလောင်) ဘာသာနဲ့ အစားထိုးဖို့ ဖြုတ်ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ ဒေသခံတွေကို အသိပေးတာမျိုးမရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပဲ အစည်းအဝေး ခေါ်ပြီး TNLA က သူတို့သဘောထားအတိုင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရှမ်းအမျိုးသားရေး လှုပ်ရှားနေသူ တစ်ယောက်က ပြောပါတယ်။

ရှမ်းအမျိုးသားအရေး လှုပ်ရှားနေသူ အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးက “မူလရှိပြီးသား အဲ့လိုမျိုးပြောင်း တဲ့ဟာက မူလကိုယ့်ဒေသ ဥပမာ ကျမတို့ နမ့်ဆန်တို့၊ မန်တုံတို့၊ အဲ့လိုမျိုး ကိုယ့်ဒေသ၊ ကိုယ့်ရဲ့အုပ်ချုပ်ခွင့်၊ ကိုယ့် လူမျိုး၊ ဥပမာဆိုရင် ကျမတို့ ဒီလူဦးရေနေထိုင်မှုကိုပဲ ကြည့်မလား၊ ကိုယ့်လူမျိုးနေထိုင်တဲ့ ဒီစာပေကို သုံးစွဲတဲ့ လူမျိုး၊ အဲ့ပေါ်မှာများတဲ့ ဒေသမျိုးဆိုရင်တော့ ပြဿနာမရှိပေမဲ့ အတူတူရောနှောနေထိုင်တဲ့ အခု ဒီပြဿနာ ဖြစ် သွားတဲ့ မိုင်းယုပေါ့နော်။ ဒီမှာဆိုရင် အများဆုံးက ရှမ်းတွေ၊ ကချင်တွေနေတယ်။ အဲ့မျိုးဘာသာ စကား ပြောင်း တာတွေ၊ ဒါမျိုးလုပ်တဲ့ဟာတွေ၊ ဒါကကျတော့ လူမျိုးစု ၂ စုကြားကို ပဋိပက္ခတွေ၊ အမုန်းတရားတွေကို ပိုပြီးမှ ကြီးထွားလာစေနိုင်တယ်။” လို့ ပြောပါတယ်။

TNLA အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ဒေသမှာ တအာင်းဘာသာပြောင်းလဲဖို့ လုပ်ဆောင်နေတာမျိုးက ပြဿနာ မရှိပေမဲ့လည်း ကချင်၊ ရှမ်း စတဲ့လူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ဒေသတွေမှာ အခုလို လုပ်ဆောင်တဲ့အတွက် လူမျိုးစုတွေကြား ပဋိပက္ခပိုမိုကြီးထွားလာစေတယ်လို့ ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်၊ မိုင်းယုရွာ၊ မိုင်းယုလမ်းခွဲက ရွာအဝင်ဆိုင်းဘုတ်ကို မေလ ၈ ရက်နေ့မှာ အုပ်ချုပ်ရေးမှူးကိုပဲ အသိပေးပြီး TNLA က ဖြုတ်ချခဲ့တယ်လို့ တအာင်းလူမျိုးရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က ပြောပါတယ်။ 

လက်ရှိ TNLA လုပ်ရပ်က ဒီမိုကရေစီမဆန်တဲ့အပြင် အတူယှဉ်တွဲနေထိုင်တဲ့ လူမျိုးစုနှစ်စုကြား ပဋိပက္ခဖြစ်ပွား အောင် ဦးတည်နေတယ်လို့ ဒေသတွင်း တအာင်းလူမျိုးရေးတက်ကြွလှုပ်ရှားသူက ဆက်ပြောပါတယ်။

တအာင်းလူမျိုးရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း “တအာင်းဖက်ကရော၊ ရှမ်းဖက်ကရော ညှိနှိုင်းပြီးမှ ပေါ့နော်။ ဒါကို ကျနော်တို့ပြုပြင်မယ်။ ရှမ်းဘာသာစာလည်း ထည့်မယ်။ ကျနော်တို့ရဲ့ တအာင်းဘာသာစာလည်း ထည့်မယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ အခုကကျတော့ ဘလိုင်းကြီး အကုန်လုံးဖြိုဖျက်၊ တအာင်းအလံတွေ ရော၊ တအာင်းစာတွေလည်း တပ်သွားတာဆိုတော့ ရှမ်းတွေ အတွက်လည်း မကောင်းဘူး။ ဒါက ကြာလေ လူမျိုးရေး ပဋိပက္ခတွေလည်း ပိုပြီးတော့ ဖြစ်စေလာတာပေါ့နော်” လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ရှမ်းစာပေတစ်ဖက်၊ တအာင်းစာပေတစ်ဖက် နှစ်ဘာသာနဲ့ရေးသားဖော်ပြဖို့ တောင်းဆိုထား ပေမဲ့လည်း ဗဟိုရဲ့ခွင့်ပြုမိန့်ကို စောင့်ဆိုင်းရဦးမယ်လို့ မြေပြင်ရှိ TNLA  တာဝန်ရှိသူတွေက ပြောဆိုထားပါ တယ်။ 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ကွတ်ခိုင် ဆိုင်းဘုတ်နဲ့ပတ်သက်ပြီးတော့မှ ကျမဆီရောက်လာတာ မရှိသေးဘူး။ ဘာမှလည်း သတင်းတက်လာတာ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နဲ့ မိုင်းငေါ့မြို့အဝင် ဆိုင်းဘုတ်ကိုလည်း ရှမ်းဘာသာနဲ့ရေးထိုးထားတဲ့ နောက်ကျော ဘက် မှာ ဒေသခံတွေရဲ့ သဘောထားမပါဘဲ TNLA က တအာင်းစာပေဖြည့်စွက်ထားလိုက်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ရွာက အလယ်တန်းကျောင်းဖွင့်ဖို့ကိစ္စကို ဒေသခံ ကချင်တိုင်းရင်း သားတွေနဲ့ တအာင်းတပ်ဖွဲ့ TNLA တို့အကြား အခြေအတင်ဖြစ်နေကြတာပါ။ 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်တွေက ဇွန်လ ၃ ရက်နေ့က ကျောင်းဖွင့်တာကို တားဆီး ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာလိုင်ရွာက အဲ့ဒီကျောင်းကို PSLF/TNLA ပညာရေးဌာနရဲ့ ကျောင်းအဖြစ်ဖွင့်ဖို့ တိုက်တွန်းပြောဆိုထား တယ် လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဇန္နဝါရီလ ၈ ရက်နေ့ကစတင်ပြီး စစ်ကောင်စီရဲ့ ခမရ ၂၄၁၊ ၂၄၂၊ ၂၄၅ နဲ့ အမြောက်တပ်ရင်း ၂၄၇ တို့ကို မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ တအာင်းတပ်ဖွဲ့ TNLA က တိုက်ခိုက် သိမ်းယူပြီး ထိန်းချုပ်ထားခဲ့ပါတယ်။

ကွတ်ခိုင်မြို့က နေရာတချို့မှာတော့ ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ ကလည်း တပ်စွဲထားတာကို တွေ့ရပြီး ရွာဘက်အခြမ်းတွေမှာတော့ TNLA က ထိန်းချုပ်ထားပါတယ်။ အဲ့ဒီ နေရာတွေမှာ TNLA အနေနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အပြည့်အဝ လည်ပတ်နေပြီ ဖြစ်ပါတယ်။

နယ်မြေအငြင်းပွားဆိုင်ရာကိစ္စရပ်တွေကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA အပြင် မဟာမိတ်တွေနဲ့ ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှုတွေကို ပြေလည်မှုရရှိအောင် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသွားမယ်လို့ PSLF/TNLA အထွထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောပါတယ်။ 

တအာင်းပြည်ထဲက စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ၊ မဟာမိတ်ဆက်ဆံရေးကြား ပွတ်တိုက်မှု အခြေအနေ တွေနဲ့ ပတ်သက်ပြီး TNLA က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ PSLF/TNLA အထွေထွေအတွင်းရေးမှူးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဗိုလ်ချုပ် တားဘုန်းကျော် က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့ တအာင်းတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့က ကျနော်တို့ ကြာရှည်စွာ လက်တွဲလာတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့အတိုင်း နှစ်ဖက် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ဗဟိုအဆင့်ကော အောက်ခြေအဆင့် အသီးသီးမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခု လက်တလောဖြစ်နေတဲ့ ကျနော်တို့ ရင်ဆိုင်ရ တဲ့ ထိတွေ့မှု ပွတ်တိုက်မှု တချို့တွေရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်တို့ နှစ်ဖက် အဖွဲ့အစည်း တွေ့ ဆုံပြီးတော့မှ ဒီကိစ္စကို ဖြေရှင်းဖို့ ကျနော်တို့လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ အမြန်တွေ့ ဆုံဆွေးနွေးညှိနှိုင်းကြမယ်” 

လက်ရှိဖြစ်ပွားနေတဲ့ပြဿနာဟာ မဟာမိတ်တွေကြားမှာဖြစ်တဲ့ ပဋိပက္ခသာ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ပြေ လည်မှုတွေရရှိအောင် ဆောင်ရွယ်သွားမယ်ဆိုရင် မပြေလည်နိုင်စရာအကြောင်းမရှိဘူးလို့ PSLF/TNLA အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

တစ်ဖက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မဟာမိတ်ခေါင်းဆောင်တွေအချင်းချင်း တွေ့ဆုံညှိနှိုင်းနိုင်ဖို့ အကြိမ်ကြိမ် ချိန်းဆိုထားကြပေမဲ့လည်း တော်လှန်ရေးအတွက် တခြားအရေးကြီးတာတွေကို ဆောင်ရွက်နေရတဲ့အတွက် လက်ရှိ အချိန်အထိ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ဖြစ်မလာသေးဘူးလို့ PSLF/TNLA က ဆိုပါတယ်။

ဗိုလ်ချုပ် တားဘုန်းကျော်က “မတွေ့ဖြစ်နိုင်ပေမဲ့လည်း ကျနော်ထင်တယ်။ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ ဆိုရင်တော့ ကျနော်တို့ အောက် ခြေကို ပြဿနာတွေ ဒီထက်ကြီးထွားမသွားအောင် အကောင်းဆုံး ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့နော ကျနော်တို့ရဲ့ ဒီအဖွဲ့အစည်းရဲ့ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ကျနော်တို့ အကောင်အထည်ဖော်ဖို့လိုတယ်။ တစ်ဆက်တည်းမှာပဲ ကျနော်တို့ မဟာမိတ်နဲ့လည်း ဒီထက်ပိုပြီးတော့ ပြဿ နာတွေ မကြီးထွားအောင် ဆောင် ရွက်ဖို့လည်း ကျနော်တို့ရဲ့ တပ်မှူးတွေ တပ်ဖွဲ့တွေ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ အဖွဲ့အသီးသီးကိုလည်း ကျနော်တို့ အမြဲတစေ ကျနော်တို့ လမ်းညွှန် ကျနော်တို့ မှာကြားပါတယ်” လို့ဆက်ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA ဟာ KIA အပါအဝင် မဟာမိတ်အဖွဲ့တွေဝင်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ MNDAA ကိုးကန့်တပ်တို့နဲ့ နယ်မြေအငြင်းပွားဆိုင်ရာကိစ္စရပ်တွေကြောင့် ဒေသတွင်းမှာ မကြာခဏဆိုသလို ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဗိုလ်ချုပ် တားဘုန်းကျော် က“အောက်ခြေမှာတော့ အဲလိုမျိုး မလိုလားအပ်တဲ့ ပွတ်တိုက်မှုလေးတွေ နားလည်မှု လွဲတဲ့ဟာလေးတွေ နည်းနည်း ပါးပါးတော့ ရှိပါတယ်။  ဒါပေမဲ့ ခုန ကျနော်ပြောသလိုပဲ ကျနော်တို့က မဟာမိတ် အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒါက မဟာမိတ်အတွင်းရှိတဲ့ ပဋိပက္ခပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ခေါင်းဆောင် ထိပ်ပိုင်းမှာ ကျနော် တို့ အမြဲတမ်း တူတူနေတယ်။ တူတူအစည်းအဝေးလုပ်နေတဲ့ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့် အောက်ခြေကိုလည်း ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မလိုအပ်တဲ့ ပြဿနာတွေ ထပ် မဖြစ်ဖို့ ကျနော်တို့ အမြဲတမ်း ညွှန်ကြားပါ တယ်။ ဒါကြောင့်မို့ ဒီထက်ပိုပြီးတော့ ဘာမှလည်း စိုးရိမ်စရာ မရှိဘူးလို့ ကျနော်ရှင်းလင်းချင်ပါတယ်” လို့ ဆက်ပြောပါတယ်။

TNLA ဟာ  KIA နဲ့ မန်တုံ၊ မိုးမိတ်၊ မဘိမ်း၊ ကွတ်ခိုင် စတဲ့မြို့နယ်တွေမှာ နယ်မြေ အငြင်းပွားမှုဆိုင်ရာ ပြဿနာ တွေရှိနေသလို နမ့်ခမ်းမှာတော့ SSPP နဲ့ အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ MNDAA ကိုးကန့်တပ်နဲ့လည်း ကွတ်ခိုင် မြို့နယ်မှာ ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အမှန်တော့ KIA နဲ့ TNLA တို့ဟာ ထာဝရ မဟာမိတ်ဖြစ်ကြောင်း လက်မှတ်ထိုးထားတာတွေ ရှိသလို ရှမ်းမြောက် မှာ အခုပွတ်တိုက်မှုတွေ ဖြစ်နေကြတဲ့ KIA၊ TNLA နဲ့ MNDAA တို့ဟာလည်း “ဝ” ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

မြေပြင်မှာရှိနေကြတဲ့ ပြည်သူတွေကတော့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အချင်းချင်းကြား တိုက် ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။ 

နှစ်ဖက်မျိုးနွယ်စုတွေကြား အဆင်ပြေကြပေမယ့် လက်နက်ကိုင် တွေအကြား အဆင်မပြေတာမျိုး ဖြစ်လာရင် စစ်ကောင်စီတပ်ရဲ့ ရန်အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေပါ ကြောက်ရွံ့နေရတာမျိုး ဘဝကို မလိုလားဘူး လို့ ဆိုကြပါတယ်။