မြစ်ကြီးနားတွင် စက်သုံးဆီ ဝယ်ယူရခက်၊ ဈေးနှုန်း မြင့်တက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီကို ပြင်ပဆိုင်များမှ ဝယ်ယူနေရပြီး တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေးရှိနေသည်ဟု မြို့ခံများက ပြောသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့၌ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင်များမှ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေ သောကြောင့် ပြင်ပဆိုင်များကိုသာ အားကိုးနေရသည်ဟု ဆိုကြသည်။
စက်သုံးဆီ အရောင်းဆိုင်များတွင် ဆိုင်ကယ်တစ်စီး ၅ ထောင်ကျပ်၊ ကားတစ်စီး ၂ သောင်းကျပ်အထိသာ ရောင်း ချပေးနေသောကြောင့် ပြင်ပဆိုင်များတွင် ၂ သောင်းကျပ်ဝန်းကျင်အထိ ဈေးကြီးပေး၍ ဝယ်ယူနေကြရခြင်း ဖြစ် သည်။
မြစ်ကြီးနားမြို့အတွင်း ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ဦးက “ဓါတ်ဆီကတော့ မနေ့ညအထိကို ၂ သောင်း ၂ သောင်းခွဲနဲ့ ဝယ်ရတယ်ပေါ့လေ။ ဒါပေမယ့် တချို့ဓါတ်ဆီဆိုင်တွေ ပြန်ဖွင့်တဲ့ဟာတွေတော့ ၈ ထောင် တစ်သောင်းလောက်နဲ့ ဝယ်ရတယ်လို့ ပြောတယ်။ အဲဒီဟာတွေကလည်း ဆိုင်တွေက အမြဲတမ်းဖွင့်တာတော့ မဟုတ်ဘူးပေါ့။ အခု မိုးညှင်းဘက်မှာ ပိတ်မိနေတဲ့ ဆီကားတွေလည်း ပြန်ဖွင့်ပေးလိုက်ပြီဆိုတော့ ဓါတ်ဆီဈေး ဘယ်လိုဖြစ်လာမလဲ မသိဘူး” ဟု ပြောသည်။
မြစ်ကြီးနား – ဝိုင်းမော် – ကန်ပိုင်တီ လမ်းတစ်လျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က ဇွန်လ ၁၁ ရက်နေ့တွင် ထိုးစစ်ဆင်ခဲ့သည့် နောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားပြီး စက်သုံးဆီဈေး တစ်ရိပ်ရိပ် တက်လာခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောဆိုမှုများ ရှိခဲ့သည်။
သို့သော် မန္တလေးဘက်မှ ဝင်နေသေးသည်ဖြစ်ရာ ယခု အခြေအနေအထိ ဆိုးရွားခြင်းမရှိဘဲ ဇွန်လ ၂၅ ရက်နေ့က စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရောက်မှသာ တိုက်ပွဲအခြေအနေများကြောင့် ပိုမို ပြတ်လပ်လာခြင်း ဖြစ်သည်။
လတ်တလော အခြေအနေအရ မြို့ခံများမှာ စက်သုံးဆီ အရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီရခြင်း၊ တန်းစီသူများမှာ မိမိအလှည့်ရောက်မှ ဓါတ်ဆီ ကုန်သွားခြင်း နှင့် တန်းစီ နေရာအတွက် (နေရာ)ကို ပြန်ရောင်း ချသူများကြောင့် ပြင်ပဆိုင်နှင့် ဈေးနှုန်းကွာခြားချက်များ ရှိနေသည်။
အဆိုပါ အကြောင်းအရာများကြောင့် လိုသလောက် ဝယ်ယူနိုင်သည့် ပြင်ပဆိုင်များကသာ ရောင်းအား ပိုကောင်း နေကြသည်ဟု ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ဦးကဆက် ပြောသည်။
“ကျနော်ကြားသလောက် ပြင်ပဆိုင်တွေက လမ်းဘေးဆိုင်တွေမှာ စီပြီး ရောင်းနေကြတယ်လို့ ပြောတယ်။ ဖမ်း တော့မဖမ်းဘူး။ အရင်ကလည်း ကျနော်တို့ ဆီတွေ ပြတ်တာကိုး။ ပြတ်တဲ့အခါမှာ တန်းစီပြီး ယူရတော့ သူတို့ က သွားတယ်၊ တန်းတယ်။ အဲဒီနားမှာပဲ ဆီကို တခါတည်း ဖောက်ထုတ်ပြီးတဲ့အခါကျတော့ ပြန်တန်းစီတယ်။ ဖောက်ထုတ်ထားတဲ့ ဟာကိုကျတော့ သပ်သပ်ဈေးတင်ပြီးတော့ လမ်းဘေးမှာပဲ ပြန်ချရောင်းတယ်။”
ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ဆန်နှင့် စားသောက်ကုန် ဈေးတင်ရောင်းနေသူများအား စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်နေသော်လည်း မြစ်ကြီးနားမြို့ရှိ စက်သုံးဆီ ဈေးတင်ရောင်းချနေသူများ ကိုမူ တစ်စုံတစ်ရာ အရေးယူမှု မရှိသေးဘူးဟု ဆိုကြသည်။
ထို့အပြင် လျှပ်စီးမီးလည်း ရက်ဆက် ပြတ်တောက်နေပြီး အချို့ မီးစက်နှင့် ဆိုလာရှိသည့် အိမ်များတွင် ဖုန်းအား တစ်ကြိမ်သွင်းခ ၁,၀၀၀ ကျပ် ပေးကာ သွင်းနေကြရသည်ဟု မြို့ခံများက ပြောသည်။
ဓါတ်ပုံ – Crd