စစ်ကောင်စီတပ်က လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင် ဝင်ရောက် တပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။ 

တနင်္သာရီမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က လူနေအိမ်များနှင့် ဘုန်းကြီးကျောင်း‌ပေါ် ဝင်ရောက်တပ်စွဲကာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ဘန်းလမွတ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့က လူနေ အိမ်များနှင့် ဘုန်းကြီးကျောင်းပေါ် ဝင်ရောက်တပ်စွဲနေထိုင်ကြပြီး အနီးဝန်းကျင်မှ ကျေးရွာများထဲကကို လက် နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ရွာသားများက စိုးရိမ်နေကြသည်။

ရွာသားတစ်ဦးက “ဘန်းလမွတ် ဘုန်းကြီးကျောင်း ကုန်းဘက်မှာက လူအနည်းစုပဲ နေကြတယ်၊ ဘုန်းကြီး ကျောင်းမှာ ဘုန်းကြီးမရှိတော့တာ တစ်နှစ်ပြည့်တော့မယ်။ စစ်တပ်က အဲ့ဒီကျောင်း ဘေးပတ်ပတ်လည်က အိမ် တွေမှာရော တပ်စွဲပြီးနေကြတယ်” ဟု ပြောသည်။ 

အင်အား ၈၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသည့် ဇဝဲကျေးရွာ အခြေစိုက် ခမရ – ၅၅၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့က ဘန်းလမွတ်ကျေးရွာ ဘုန်းကြီးကျောင်း အပါအဝင် ဘေးပတ်ပတ်လည်ရှိ နေအိမ်များတွင် ဇူလှိုင်လ ၅ ရက်နေ့မှစတင်၍ အဓမ္မဝင်ရောက် တပ်စွဲနေကြခြင်း ဖြစ်သည်။ 

ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်ထားသည့် ဘန်းလမွတ်ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ၊ သံဃာတော်များ မရှိတော့သည်မှာ တစ်နှစ်နီးပါး ရှိပြီဟု ရွာသားများက ဆိုကြသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့စစ်ကြောင်းထိုးလာချိန် ဇူလိုင်လ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ခန့်က ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ရမ်းဖိုကျေးရွာနှင့် ချောင်းညီကိုကျေးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သေးကြောင်း ရွာသားများက ပြောသည်။

ကျေးရွာထဲနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်းမှာ အနီးတဝိုက်ရှိ ကျေးရွာများ ဘက်သို့ ၆၀ မမ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ လုပ်ဆောင်နေပြီး ကမ်းတိုကျေးရွာဘက်သို့ အများဆုံး ပစ်ခတ်နေသည်ဟု ဆိုကြသည်။

စစ်ကောင်စီ တပ်စွဲထားသည့် ဘန်းလမွတ်ကျေးရွာတွင် လစဥ်လိုလို မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့်  ရွာသားအများစုကလည်း နေရပ်မှစွန့်ခွာသွားသည်မှာ တနှစ်နီးပါးရှိနေပြီဖြစ်သည်။

တိုက်ပွဲများအပြင် စစ်ကောင်စီ စစ်ကြောင်းများက မကြာခဏ ကျေးရွာထဲ လာရောက်တပ်စွဲလေ့ ရှိသောကြောင့် ရွာထဲကို ပြန်လည် ဝင်ရောက်နေထိုင်ဖို့ မဖြစ်နိုင်သေးကြောင်းလည်း ရွာသားများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း စစ်ဘေးတိမ်းရှောင်ပြီး နေရပ်သို့ ပြန်လာကြသည့် ဘန်းလမွတ် ရွာသားများကို စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခြင်းများ အပြင် ပိုက်ဆံတောင်းကာ ပြန်လွှတ်ခဲ့ခြင်းများလုပ်ခဲ့ သည့် အတွက် ကြောက်ရွံ့ပြီး ရွာမပြန်ရဲကြသေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။