NUG လက်အောက်ခံ ဘုတ်ပြင်းရဲတပ်ဖွဲ့မှ လူမျိုး အသားအရောင်မခွဲပဲ တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။ 

အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ လိင်၊ အသား အရောင်၊ လူမျိုးဘာသာ မခွဲခြားဘဲ တပ်ဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်လိုက်သည်။

တနင်္သာရီတိုင်းအတွင်းရှိ NUG လက်အောက်ခံ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့သို့ သတ်မှတ်ချက် ပြည့်မှီ သည့် မည်သူမဆို တပ်ဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်ဟု မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ ဦးစီးမှူးက ပြောသည်။

မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဦးစီးမှူးက “အမျိုးသား၊ အမျိုးသမီးနဲ့ LGBTQ+ မည်သူ့မဆို လျှောက်ထားလို့ ရပါ တယ်၊ အသက် ကန့်သတ်ချက် ရှိပေမယ့်လည်း ကျန်းမာရေး သတ်မှတ်ချက်တွေ၊ တော်လှန်လိုစိတ်ရှိမှုနဲ့ လုပ် ကိုင်နိုင်မှုများ အပေါ် မူတည်ပြီး အသက် ကန့်သတ် သတ်မှတ်ချက်ကို ဖြေလျှော့တာမျိုးတွေ လုပ်ပေး သွားမှာပါ” ဟု ပြောသည်။

CDM ဝင်လိုသူများ အပါအဝင် ပြည်သူ့ရဲတပ်ဖွဲထဲသို့ ဝင်ချင်စိတ်ရှိနေသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ် အကြား ရှိနေသူများ အနေဖြင့် လျှောက်ထားနိုင်ကြောင်း ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လျှောက်လွှာကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ facebook Page၊ ဆင်ဂနယ် (Signal) နှင့် တယ်လီဂရမ်

(Telegram) အကောင့်တို့မှ တဆင့် လျှောက်ထားနိုင်ပြီး အချိန်ကန့်သတ်ချက် မရှိကြောင်း ဆိုသည်။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က စိုးမိုးနယ်မြေ အနေအထားအရရော တော်လှန်ရေးကာလဖြစ်သည့် အတွက်ပါ တိုင်းအတွင်းရှိ မဟာမိတ်အဖွဲ့များနှင့် လိုအပ်လျှင် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ပေးမှုများ ရှိပြီး အောင်သာဝရ စခန်းသိမ်း တိုက်ပွဲတွင်လည်း ပါဝင်ဆောင်ရွက်ပေးမှုများလည်း ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ရဲ တပ်ဖွဲ့ ဦးစီးမှူးက ပြောသည်။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက် ရှိတွင် တနင်္သာရီတိုင်းအတွင်း၌ တစ်ခုတည်းရှိနေသည့် NUG လက်အောက်ခံ ပြည်သူ့ ရဲတပ်ဖွဲ့ တစ်ခုလည်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ပြည်သူ့ ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄-ခ အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်း ထားသည်။