တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနစ်၊ ဇူလိုင်လ ၈ ရက်။

တနင်္သာရီမြို့နယ် အခြေစိုက် ခမရ – ၅၅၆ တပ်ရင်းဘက်မှ ထွက်လာသည့် စစ်ကောင်စီ ခြေလျင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး မိုင်းဆွဲခံရသည့် နေရာတဝိုက်တွင် အလောင်းများကို တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ ရှိခဲ့သူ ရွာသားတစ်ဦးက ဆိုသည်။

ဇဝဲကျေးရွာမှ ထွက်လာသည့် အင်အား ၈၀ နီးပါးရှိသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ရမ်းဖိုကျေးရွာနှင့် ချောင်းညီကိုကျေးရွာ အကြား တွင် အသင့်စောင့်ဆိုင်းနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၄ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဆွဲမိုင်း ၄ လုံးနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်ကြား အပြန်အလှန် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင် စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အသက် ၄၀ ခန့်အရွယ် ရမ်းဖိုရွာသားတစ်ဦးက “နှစ်ဖက် ပစ်ခတ်မှုတွေ နားသွားမှ စစ်ကောင်စီတပ်က ဒဏ်ရာရ ထားတဲ့ သူတွေကို သယ်ပြီး ရမ်းဖိုရွာ ဘုန်းကြီးကျောင်းဘက်ကို တပ်ဆုတ်သွားခဲ့တယ်” ဟု  ပြောသည်။

နှစ်ဖက် တိုက်ခိုက်မှုဖြစ်ပြီး မိနစ် ၄၀ ခန့်အကြာတွင် စစ်ကောင်စီက တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ကူများနှင့် ဆက်တိုက် ပစ်ခတ်မှုများ ပြန်လည်လုပ်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ပြန်လည် ဆုတ် ခွာ ပေးလိုက်ရသည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ ရမ်းဖိုကျေးရွာ၊ ကမ်းတိုကျေးရွာနှင့် ဘန်းလမွတ်ကျေးရွာတို့မှာ ရွာစဥ် တဆက် တည်းရှိသည့် ကျေးရွာများဖြစ်ကြပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ဘန်းလမွတ်ကျေးရွာအုပ်စု၊၊ ကမ်းတိုရွာဆီအုန်းကုန်းနေရာတွင် တနင်္သာရီဘက်မှ ရိက္ခာသယ်ယူပြီး ပြန်လာသည့် စစ်ကောင်စီ ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မေလ ၂၁ ရက်နေ့ကလည်း မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်ကား ၃ စီး ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူများ ရှိခဲ့သေးသည်။