ပေါက်တောနှင့် စစ်တွေရှိ ကျေးရွာများအား လေယာဉ်ဖြင့် ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
ရခိုင်ပြည်၊ ပေါက်တောနှင့် စစ်တွေမြို့နယ်ထဲက ကျေးရွာအချို့အား စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲ မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
ပေါက်တောမြို့နယ် သဝင်ချောင်း၊ ပြိုင်းတောင်၊ ဆင်တက်မော်ကျွန်းနှင့် သဲခုံကျေးရွာများအပါအဝင် စစ်တွေ မြို့နယ်မှ ကံ့ကော်ကျွန်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုး ကျေးရွာတဝိုက်ကို ဇူလိုင်လ ၆ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်မှ ညနေ ၆ နာရီခွဲ အချိန်ထိ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ် မှ Y-12 လေယာဉ်ဖြင့် လှည့်လည်ကာ ဗုံးကြဲခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
သဝင်ချောင်းရွာ နှင့် ပြိုင်းတောင်ကျေးရွာတို့၌ ဗုံးကျခဲ့သည့်အတွက် နေအိမ်အချို့မီးလောင်မှုရှိခဲ့ကြောင်း ပြိုင်းတောင်ရွာသား တစ်ဦးက ပြောသည်။
“ပြိုင်းတောင်ရွာကတော့ ဗုံးကြဲခံရတာ အများဆုံးလို့ပြောလို့ရတယ်။ ၁၀ လုံးလောက်ကျတယ်။ ရွာမီးလောင် နေတာကို အဝေးကနေတောင် မြင်ရတယ်။ သဝင်ချောင်းမှာ ရွာကို ၃ လုံးကျတာ ရွယ်လယ်တံတားမှာ ၁ လုံး ကျတယ်။ တခြားရွာတွေကိုလည်း ဗုံးတွေ ကျတာရှိပါတယ်။ ရွာတွေကို တောက်လျှောက် ပတ်ပြီး ကြဲနေတာ ဆိုတော့။ သံခုံရွာမှာ လူမရှိပေမယ့် တခြားရွာတွေမှာကျတော့ လူတွေရှိကြသေးတယ်လေ။ ထိခိုက်သေဆုံးတာ တွေ ရှိနိုင်တယ်။ လူတွေက ထွက်ပြေးနေကြတော့ ဘယ်လိုရှိလဲ မသိနိုင်သေးဘူး။”
ပြိုင်းတောင်ရွာနှင့် သဝင်ချောင်းရွာအပြင် အခြားကျန်ရှိနေသေးသည့် ကျေးရွာများ၏ နေအိမ် ထိခိုက်ပျက်စီးမှု များနှင့် အရပ်သား ထိခိုက် သေဆုံးမှုများအား ဖုန်းလိုင်းအခက်အခဲကြောင့် ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုကဲ့သို့လေကြောင်း တိုက်ခိုက်မှုများအပြင် စစ်တွေအခြေစိုက် တပ်ရင်းများမှလည်း ပေါက်တော နှင့် ပုဏ္ဏား ကျွန်းမြို့နယ်မှ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဗုံးကြဲခံရသည့် ပေါက်တောမြို့နယ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များထဲတွင် တစ်ခု အပါအဝင် ဖြစ်ပြီး စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားသည့် မြို့နယ်များအပြင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် မြို့နယ်များတွင်လည်း လေကြောင်းမှ ဗုံးကြဲမှုများ ဆက်တိုက် လုပ်နေခြင်း ဖြစ်သည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲမှုများ လုပ်ဆောင်ရာတွင် အရပ်သား ပစ်မှတ်၊ စစ်ရေးပစ်မှတ် ခွဲခြားခြင်း မရှိဘဲ အရပ်သားများနေထိုင်သည့် ကျေးရွာများထဲ ကြဲချနေသည့်အတွက် အရပ်သား ထိခိုက်သေဆုံးမှုများမှာ နေ့စဉ် နှင့်အမျှ မြင့်တက် လျက်ရှိနေသည်။
ဇူလိုင်လ ၄ ရက်နေ့ကလည်း တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ရခိုင်ပြည်နယ်၊ တောင် ကုတ်မြို့နယ်ရှိ ပေါက်အင်းကျေးရွာထဲသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သာသနိက အဆောက်အအုံများနှင့် နေအိမ် အချို့ပျက်စီးမှု ရှိခဲ့သည်။