ကော့သောင်းတွင် ဖုန်းများစစ်ပြီး ငွေတောင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။ 

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာ သူများ၏ ဖုန်းများ ကို တောင်းယူပြီး အချက်အလက် ဒေတာများကို ရှာဖွေစစ်ဆေးကာ ငွေတောင်းခံမှုများ လုပ်နေသည်ဟု ခရီး သွားပြည်သူများက ပြောသည်။ 

ခရီးသွားလာသူများ၏ ဖုန်းများအတွင်း ထည့်ထားသည့် ဆော့ဝဲလ် အပလီ‌ကေးရှင်းအချို့နှင့် ပြည်တွင်းပြည်ပ ဖုန်းခေါ်ဆိုထားသည့် ဒေတာ အချက်အလက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေး ရှာဖွေခြင်း များ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဖုန်းအတွင်း ပြည်ပနိုင်ငံနှင့် ဖုန်းခေါ်ဆိုမှုများကို တွေ့ရှိပါက ခြိမ်းခြောက်ပြီး ပိုက်ဆံ သိန်းဂဏန်းအထိ တောင်း ရမ်းခြင်းများ ရှိသည်ဟု ဆိုကြသည်။ `

ကော့သောင်းမြို့သို့ သွားရောက်သည့် အသက် ၃၅ နှစ်အရွယ် ခရီးသွား အမျိုးသမီးတစ်ဦးကထိုင်းထဲကနေ ပြောထားတာတွေလည်း စစ်တယ်။ ရှာတွေ့ရင် ငွေကို တောင်းသလောက် ခရီးသည် ကိုယ်တိုင်ပေးရတယ်၊ ကားသမားတွေကတော့ မပေးရ‌ဘူး၊ ဖေ့စ်ဘုတ်မက်ဆင်ဂျာ‌တို့ ဖုန်းအဝင်ဘာညာ အကုန်စစ်တာ VPN ခံထား တာ ရှိမရှိရော စစ်တယ်။ ဘယ်သူ အိမ်မှာတည်းမှာလဲ၊ ရပ်ကွက်တွေကအစ ဘာသွားလုပ်မလဲဆိုတာ အဆုံး စစ်တာတွေရှိတယ်ဟု ပြောသည်။ 

စစ်ကောင်စီဂိတ်မှ အတင်းအကြပ် စစ်ဆေးမှုများ လုပ်နေသည့်အတွက် ခရီးသွားလာကြမည့်သူများ အနေဖြင့် လုံခြုံရေးအရ ဒေတာအချက်အလက်များကို အကုန်ဖျက်ထားပြီးမှ ခရီးသွားလာသင့်ကြောင်း အထက် ခရီးသွား အမျိုးသမီးက ဆိုသည်။

ဘုတ်ပြင်းမြို့ခံ မဟုတ်သည့် အခြားသော မြို့နယ်များက သွားလာကြသူများကိုလည်း ဘယ်သွားမလဲ၊ ဘယ်က လာတာလဲ၊ ဘာလောက်ကြာမှာလဲ အစရှိသည့် မေးခွန်းများဖြင့် အတင်းအကြပ် မေးမြန်းခြင်းတို့ကိုလည်း ခံနေရကြောင်း မြိတ်မြို့မှ ဘုတ်ပြင်းမြို့သို့ သွားရောက်သူ တစ်ဦးက ပြောသည်။

ဘုတ်ပြင်းမြို့အဝင်ရှိ စစ်ကောင်စီဂိတ်မှ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်ကစပြီး ခရီးသွားကားများနှင့် ကုန် တင်ကားများကို ဆန်အိတ် သယ်ယူခွင့် လုံးဝမပေးတော့သောကြောင့် လက်ရှိတွင် ရေလမ်းမှသာ ဆန်အိတ်များ ကို တင်ဆောင်ခွင့်ပြုထားသည်ဟု ကုန်ကားမောင်းသမားများက ပြောသည်။