ရေဖြူမြို့နယ်အတွင်း ဖမ်းဆီးခံ လူငယ်တစ်ဦး ဆယ်ရက်ကျော်အထိ ပြန်မလွတ်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းမှ လူငယ်တစ်ဦးကို စစ်ကောင်စီရေတပ်မှ ဖမ်းဆီး သွားပြီး ဆယ်ရက်ကျော်သည်အထိ ပြန်လွှတ်မပေးသေးကြောင်း ရွာသားများက ပြောသည်။
မိကျောင်းလှောင်း (ရွာသစ်)တွင် နေထိုင်ပြီး အမဲလိုက် မုဆိုးအဖြစ် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် ကိုဦးပိုင်ဆိုသူအား ကံပေါက်အခြေစိုက် မောရဝတီရေတပ်မှ ပြီးခဲ့သည့် ဇွန်လ၂၈ ရက်နေ့ နံနက်ပိုင်းက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ အမဲလိုက် မုဆိုးဆိုသူမှာ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ပြန်လွှတ်လာခြင်း မရှိသေးသောကြောင့် မိသားစု ဝင်များက စိုးရိမ်နေကြသည်။
အသက် ၄၀ အရွယ် ရွာသားတစ်ဦးက “ရေတပ်ကကားတွေ ဆိုင်ကယ်တွေနဲ့လာတာ၊ ကလိန်အောင်ရဲစခန်းက ရဲတွေလည်းပါတယ်။ ဖမ်းတာက PDF ဆိုပြီး အိမ်ထဲလာဝင်ဖမ်းတာ။ ယမ်းထောင်း သေနတ်ပါ ဖမ်းမိသွား တာ ကြောင့် တောပစ်သွားတဲ့သေနတ်ပါလို့ ရွာသားတွေ ဝိုင်းရှင်းပြလို့လည်းမရဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသူလူငယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်မှု မရှိသည့် သာမန်မုဆိုး တစ်ဦးသာ ဖြစ်ပြီး မကြာခဏ တောပစ်ထွက်လေ့ရှိသူ ဖြစ်သည်ဟု အဆိုပါ ရွာသားက ပြောသည်။
ဖမ်းဆီးခံရပြီးသည့်နောက် နှစ်ရက်အကြာ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မျက်နှာတွင် ရိုက်နှက် နှိပ်စက်ခံ ထားရသည့် ဒဏ်ရာများနှင့် ၎င်း၏ နေအိမ်သို့ စစ်ကောင်စီတပ်က ပြန်လည်ခေါ်ဆောင်ခဲ့ပြီး တူမီးသေနတ် အတွက် အသစ်ပြုလုပ်ထားသည့် သေနတ်ဒင်တစ်ခုကို ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးသွားသည်မှာ ၁၁ ရက်ကြာနေပြီ ဖြစ်ပြီး လက်ရှိတွင် ပြန်လွတ်လာခြင်း မရှိသည့်အပြင် သတင်းအစအန လည်း မရရှိသည့်အတွက် မောရဝတီရေတပ်ထဲသို့ သွားရောက်စုံစမ်းခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
သို့သော် တပ်စခန်းထဲသို့ ဝင်ခွင့်မရတဲ့အပြင် စစ်ကောင်စီတပ်ဖက်က တစ်စုံတစ်ရာ အသိပေး ပြောပြခြင်းများ လည်း မရှိသေးသောကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေကြရသည်ဟု ဆိုသည်။
မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ ရေဖြူမြို့နယ် အတွင်းရှိ ကံပေါက်ဒေသတဝိုက်နှင့် ကလိန်အောင်မြို့ တဝိုက် တို့တွင် စစ်ဆေးခြင်းများနှင့် ဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်လျက် ရှိနေပြီး လူထု နေထိုင်သော ကျေးရွာများထဲသို့လည်း လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလနှင့် ဇွန်လများထဲတွင် မောရဝတီ ရေတပ်စခန်း ဌာနချုပ်မှ လူနေကျေးရွာများထဲသို့ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့် ရားဖူးရွာသစ်နှင့် ဇာဒီကျေးရွာများက လသားအရွယ် ကလေးငယ်အပါအဝင် ရွာသားခြောက်ဦး အထိ သေဆုံးခဲ့သေးသည်။