အိမ်တွင်းနေနေသော အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ စစ်ကြောင်းမှ သေနတ်ဖြင့် ပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ စစ်ကြောင်းက သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
ပုဂေါဇွန်းကျေးရွာက အိမ်ခြံဝင်းထဲတွင် ရှိနေသည့် အသက် ၅၀ အရွယ် ဒေါ်သီတာဆိုသူကို ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းက သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
သေနတ်နှင့် ပစ်ခတ်ခံရမှုကြောင့် ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ရွာသား အမျိုးသားတစ်ဦး က ပြောသည်။
အသက် ၄၀ ခန့်အရွယ် ရွာသား အမျိုးသားတစ်ဦးက“စစ်ကြောင်းက ညဘက်ကြီးရွာထဲဝင်လာတော့ ခွေးက ဟောင်တာနဲ့ သူ့ခွေးကိုထွက်ထိန်းတာ၊ စစ်တပ်ကလည်း သေနတ်နဲ့အပစ်မှာ ကျည်မှန်သွားတာ” ဟု ပြော သည်။
ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးမှာ လက်ရှိတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသည်ဟု ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှ ရေဖြူမြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ပုဂေါဇွန်းကျေးရွာထဲတွင် တစ်ည အိပ်နားခဲ့သည်ဟု ရွာသားများက ပြောသည်။
ထို့အပြင် ရွာသားများ မွေးမြူထားသည့် ကြက်၊ ဘဲ၊ ဝက်များကိုလည်း သတ်ဖြတ်စားသောက်ခဲ့ပြီး လူနေအိမ် အချို့ကိုပါ ရိုက်ချိုး ဖျက်ဆီးခဲ့သေးသည်ဟု ဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန်ထဲသို့ စစ်ကောင်စီ စစ်ကြောင်း အဝင်အထွက်ပြုလုပ်သည့် အချိန်တိုင်း ပုဂေါဇွန်း ကျေးရွာတွင် တစ်ညအိပ် တပ်စွဲလေ့ရှိသောကြောင့် ဒေသခံများမှာ မကြာခဏ နေရပ်စွန့်ခွာရလေ့ ရှိသည်ဟု ရွာသားများက ပြောသည်။
ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းက လောင်းလုံးမြို့နယ်၊ ဒေါင်းရှောင်ကျေးရွာထဲရှိ ဘုန်းကြီး ကျောင်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့ကလည်း ယာယီတပ်စွဲခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု နှင့် အဆောက်အအုံ တစ်ခုကို မီးရှိုခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာထဲရှိ လူနေအိမ် တစ်ဆောင်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။