ပုလောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး အရှင် ဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင် တပ်ရင်း-၁ က ပြောသည်။
အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်၏ ခလရ – ၂၈၅ စစ်ကြောင်းကို ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ က ပုလောမြို့နယ် ၅ မိုင် ကျေးရွာအနီးတွင် ဇူလိုင်လ ၁၀ ရက်နေ့က သတင်းအရ စောင့်ကြို ခြုံခိုတိုက်ခိုက်ခဲ့ သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁) က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တိုက်ပွဲကြာမြင့်ချိန် ၅ နာရီခန့်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် ၅ ဦးသေ ဆုံးပြီး ၂ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူက ဆိုသည်။
ပုလောဒေသ ကာကွယ်ရေးတပ် – PRDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်း ၂ ဦးကို တော့ နိုင်ငံတကာ စံညွှန်းတွေအတိုင်းပဲ လက်ရှိအချိန်ထိ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှာ ထိန်းသိမ်း ထားပါ တယ်” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အမြောက်အများကိုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် က သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသို့ စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းပြီး ပြန်လည်ရောက်ရှိနေသည့် အတွက် တိုက်ပွဲ ထပ်မံဖြစ်ပွားလာနိုင်သည့် အနေအထားရှိနေသည်ဟု ပုလောဒေသ ကာကွယ်ရေးတပ် – PRDF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် – KNDO တပ်ရင်း (၇) တပ်ခွဲ (၅) နှင့် ပုလောဒေသ ကာကွယ်ရေးတပ် – PRDF မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း ပုလောဒေသ ကာကွယ်ရေးတပ် – PRDF မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် တစ်ဦး (မစိုးရိမ်ရ) သည့် ဒဏ်ရာ ရရှိခဲ့သည်ဟု ပူးပေါင်းတပ်က ဆိုသည်။
ထို့အပြင် ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီဂိတ် စခန်းကို ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း Shadow Squad ဒရုန်းတပ်စိပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မြိတ်ခရိုင်တပ်ရင်း (၁) တို့မှ ပူးပေါင်းပြီး ဗုံးသီးခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။