ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဝရိန်ဆော်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဝရိန်ဆော်သည့် အလုပ်သမားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “သေတဲ့လူကတော့ တော်တော်ရုပ်ပျက်သွားတယ်” ဟု ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်း၊ အလယ်ဂိတ်မှတ်တိုင် အနီးရှိ ကားကြီးဝပ်ရှော့တွင် ဇူလိုင်လ ၁၀ ရက်နေ့က ဆီဘောက်ဆာယာဉ်အား ဝရိန်ဆော်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဝရိန်ဆော်နေစဉ် ဆီငွေ့လက်ကျန် ကျန်ရှိနေသည့်အတွက် ပေါက်ကွဲမှုဖြစ်ပွား ရခြင်းဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှု အတွင်း ဆီဘောက်ဆာယာဉ်မောင်းမှာ ကားထဲမှာ ရှိမနေသည့်အတွက် ထိခိုက်မှု မရှိကြောင်း ဒေသခံတစ်ဦး က ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူ မမေသူက “ပေါက်ကွဲတဲ့နေရာက ပဲခူးမြစ်လမ်းပေါ်မှာပါ အမအိမ်နဲ့တော့ ဝေးတာပေါ့။ အမက ယုဇန ၅ လွှာမှာနေတာ။ အခန်းကို ထပ်ခိုးထည့်ထားတာပေါ့နော်။ အမက အဲ့ထပ်ခိုးလေး မှာလှဲနေတုန်း အမခေါင်းမိုးပေါ်က သွပ်အသံနဲ့ဆို တော့ အတော်ကျယ်တာပေါ့။ အိမ်တောင်တုန်တယ်။ အဲ့ အချိန်မှာပဲ Ambulance အသံတွေကြားမိတာဘဲ” ဟု ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် အခြားတာဝန်ရှိသူများမှ ကူညီ ကယ်ဆယ်ရေးများ လာရောက် လုပ်ဆောင်ခဲ့ကြသည်။
ဓာတ်ပုံ- 5B Taxi လူမှုကူညီရေးအသင်း