ဂန့်ဂေါတွင် ရဲတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်နှင့်အတူ ဖမ်းမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းက ရဲတပ်သားတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု Generation Z Army (GZA) က ပြောသည်။
ဖမ်းဆီးခံရသည့် ရဲတပ်သားမှာ အသက် ၂၃ နှစ်အရွယ် ရဲထက်မြတ် ဆိုသူဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့က ရေချိုး ရန် မြစ်ဆိပ်ကို ဆင်းလာသည့်အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု Generation Z Army (GZA) ၏ ဇူလိုင် လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
Generation Z Army (GZA) ၏ စစ်ဦးစီးချုပ် ကိုဇက်က “သူကဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားမဟုတ် ပါ ဘူး။ ချင်းပြည်နယ်နဲ့ ဂန့်ဂေါမြို့နယ်စပ်က ဘုံဇုံးရဲကင်းစခန်း ကပါ။ နယ်ခြားစောင့်ရဲကင်းပေါ့။ ဘုံဇုံးကို လွန်ခဲ့တဲ့ ၆လလောက်က CDFတွေက သိမ်းတဲ့အခါမှာ သူက ထွက်ပြေးသွားတဲ့ အထဲမှာ ပါသွားတာပေါ့နော်။ ဂန့်ဂေါ မြို့ကို ရောက်သွားတာပေါ့။ ဂန့်ဂေါကို ရောက်တော့ ကျရာတာဝန်ထမ်းဆောင်နေရတာပေါ့” ဟု ပြော သည်။
အဆိုပါ ရဲတပ်သားအား တပ်တွင်း သတင်းပေးမှုကြောင့် အသင့်စောင့်ဆိုင်းကာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ် သည်ဟု ကိုဇက်က ဆိုသည်။
ဖမ်းဆီးစဉ်က ရဲတပ်သားမှာ ပြန်လည်ခုခံခြင်းမျိုး မရှိဘဲ အသာတကြည် လက်နက်ချ အညံ့ခံခဲ့သည့်အပြင် ၎င်းနှင့်အတူ G3 အမျိုးအစား သေနတ်(၁)လက်၊ ကျည်ဘောက် (၁)ဘောက်နှင့် 7.62(G3)ကျည် (၁၂) တောင့် တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ပြောသည်။
ဖမ်းဆီးရမိထားသည့် ရဲတပ်သားအား စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု Generation Z Army (GZA) စစ်ဦးစီးချုပ် ကိုဇက်က ဆိုသည်။
Generation Z Army (GZA) အဖွဲ့သည် စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ရခိုင်ပြည်နယ်များတွင် ရွေ့လျားပုံစံနှင့် စစ်ရေး လှုပ်ရှားနေသည့် အဖွဲ့ဖြစ်ပြီး မည်သည့်အခက်အခဲ ရှိစေကာမူ ကောင်းမွန်သော စနစ်တစ်ခု ရောက် သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကိုဇက် ပြောသည်။
ဓာတ်ပုံ – Generation Z Army (GZA)