စစ်ရှောင် သုံးသိန်းကျော်ကို ထောက်ပံ့မှု ပြုနိုင်ခဲ့ကြောင်း NUG က ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ၆ လတာ ကာလ အတွင်း စစ်ဘေးရှောင်ပြည်သူ သုံးသိန်းကျော်ကို ကူညီထောက်ပံ့ပေး နိုင်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြောသည်။

NUG ၏ လူသားချင်းစာနာ ထောက်ထားရေး၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့က ဇူလိုင် ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် NUG ၏ လူသားချင်း စာနာမှု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။

၎င်းက “ပျမ်းမျှအားဖြင့် စစ်ရှောင်ပြည်သူ ၃ သိန်းကျော်ကို ထောက်ပံ့နေတာရှိတယ်။ ကျနော်တို့အနေနဲ့ အလို အပ်ဆုံး ပြည်သူတွေကိုသာ ထောက်ပံ့နိုင်နေတာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကူညီထောက်ပံ့မှုသည် ၂၀၂၄ ခုနှစ် ဇန္နဝါရီလ မှ ဇွန်လအထိ ဖြစ်သည်ဟု NUG ၏ လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့် ၆ လတာ ကာလအတွင်း စစ်ဘေးရှောင် သုံးသိန်းကျော်အတွက် ကျပ်ငွေ ၁၂.၈ ဘီလီယံ ကျပ်ကို သုံးစွဲခဲ့သည်ဟု ဆိုသည်။

အဆိုပါ  ရန်ပုံငွေများကို အမျိုးသားညီညွတ်ရေး အစိုးရ NUG  ဘဏ္ဍာရေးကော်မတီ၏ ဆုံးဖြတ်ချက်မှ တစ်ဆင့် ခွဲဝေသုံးစွဲခဲ့သည်ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“NUG ထဲကို ဝင်ရောက်လာတဲ့ ဝင်ငွေနဲ့ပတ်သက်ပြီး တော့ တော့ အဲ့ဒီကတစ်ဆင့် ကျနော်တို့က လိုအပ်ရင် လို အပ်သလို ကျနော်တို့ ဒီကျနော်တို့ရဲ့ ဘဏ္ဍာရေး ကော်မရှင် ရှိပါတယ်။ ကော်မရှင်ကနေ ပြီးတော့ ဆုံးဖြတ်ပြီး တော့ ကျနော်တို့ ဝန်ကြီးဌာနက လိုအပ်သလောက် ကူညီစောင့်ရှောက်တာတွေကို အထိရောက်ဆုံး ဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်တယ် ကျနော်တို့ ပါဝင် ကူညီနေတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စစ်ရှောင် ပြည်သူ ၃ သန်းကျော် ရှိနေပြီး ယခု ထောက်ပံ့ ကူညီပေးနိုင်သည့် စစ်ရှောင်ဦးရေ အရေအတွက်သည် အလွန်နည်းပါးနေသေးသည်ဟု ဒေါက်တာ ဝင်းမြတ် အေးက ဆက် ပြောသည်။

ဒါဟာ ထောက်ပံ့တာ ရောက်ရှိမှု Reach အနေနဲ့ အလိုအပ်ဆုံး ပြည်သူရဲ့ ၁၅ ရာခိုင်နှုန်းသာ ရှိတယ်ဆိုတာ တွေ့ ရှိရပါတယ်။ ဒီ့အတွက်လည်း ကျနော်တို့အနေနဲ့ အလွန် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလို ၁၅ ရာခိုင်နှုန်းကို ထောက်ပံ့တယ် ဆိုရာမှာလည်း အလုံးစုံ ပြည့်ပြည့်စုံံစုံ ထောက်ပံ့နိုင်တာ မရှိသေးဘူး။

လက်ရှိမှာလည်း ဘဏ္ဏာငွေ လိုအပ်မှုများစွာ ရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။

NUG ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့် ပြည် သူလူထုများအတွက် လိုအပ်နေသည့် ကူညီထောက်ပံ့မှုများကို မြေပြင်၌ အထိရောက်ဆုံးနှင့် အန္တရာယ် ကင်းစွာ ကူညီထောက်ပံ့ပေးနိုင်ရန် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက် လုပ်ဆောင်နေသည်ဟု NUG က ပြောသည်။