ဆေးဝါးလိုအပ်ချက် စိန်ခေါ်မှု ဖြစ်လာသည့် ကရင်နီဒေသ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်။ 

လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက်မှာက လူတွေက အုံနဲ့ကျင်းနဲ့ ထွက်လာတဲ့အခါလည်း ရှိတယ်။ အဲဒီလို ထွက် လာတော့ ရုတ်တရက်ဆို လူတွေက ဆောင့်တက်လာတယ်။ ဒါကြောင့်မို့လို့ ဆေးဝါးနဲ့ အခြေခံစားနပ်ရိက္ခာတွေ ဆန်နဲ့ရိက္ခာ ခြောက်တွေပေါ့ တော်တော်လေး လိုအပ်ချက်တွေ ကြီးလာတယ်ပေါ့ နော်ဟု (IEC) အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

ကရင်နီပြည်ထဲတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့သွားသောကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေသည်။

တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက် တိုက်ပွဲများကြောင့် ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့မှု ဖြစ်သွားပြီး စားနပ် ရိက္ခာနှင့် ဆေးဝါးများ ပြတ်ကုန်ပြီဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

ယေဘုယျပြောရရင် ဆေးဝါးနဲ့ရိက္ခာတော့ တော်တော်လေး အခက်အခဲရှိတယ်။ လမ်းတွေ အကုန်ပိတ်တယ် သယ်ရ ပြုရတာလည်း အဆင်မပြေဘူးပေါ့။ ဒါကြောင့် တချို့သော နေရာတွေမှာ ဆေးဝါးတွေ ရိက္ခာတွေ အလျင်မမှီဘူးပေါ့လေ။ ဒါပေမယ့် စစ်ရှောင်တွေကို ဦးစားပေးအစီအစဥ် တစ်၊ နှစ် ထားပြီးတော့ လုပ်ပေးနေ တယ်ပေါ့နော်။ ဆိုလိုတာက အရမ်း မလိုအပ်သေးတဲ့ နေရာတွေမှာဆို ဦးစားပေးအဆင့်တွေမှာ ချန်ထားပြီးမှ ပို ပြီးမှလိုတဲ့ နေရာတွေမှာ ပိုပြီးဦးစားပေးတဲ့ဟာမျိုးတွေပေါ့။ 

ကရင်နီပြည်ထဲသို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းနှစ်ခုဖြစ်သော မိုးဗြဲ-လွိုင်ကော်လမ်းနှင့် တောင်ငူ-ယာဒို လမ်းကြောင်း နှစ်ခုလုံးမှာလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ကုန်ပြီဟုဆိုသည်။ ထို့ကြောင့် လက်ရှိတွင် ကုန်စည်စီးဆင်းမှုများ လုံးဝရပ်တန့်သွားခြင်း ဖြစ်သည်။

ထို့သို့ လုံးဝ ရပ်တန့်သွားခြင်းကြောင့် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ခိုလှုံနေသော စစ်ရှောင်ဦးရေ ၆၀၀၀ ကျော် အပါအဝင် အသစ် ထပ်မံ ရောက်လာသည့် လွိုင်ကော်မှ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသော ကယောလူငယ်အစည်းအရုံး (KwYO) အဖွဲ့တာဝန်ရှိသူ ကိုမိုက်ကယ်က ပြောသည်။

ဘာမှမရှိတာ အကုန်လုံးကုန်နေပြီ ဘာမှမရှိတော့ဘူး။ အဲ့ဒါဘယ်လိုလုပ်ကြမလဲ မိုးကာတွေလည်း မရှိ စားစ ရာတွေလည်း မရှိ။ ပြီးရင် ဆေးဝါးတွေလည်း လုံလောက်မှု မရှိ မျိုးစုံပါပဲ။ ကုန်ပစ္စည်းတွေလည်း ပြတ်ပြီ လောလောဆယ် တောင်ငူလမ်းလည်း ပိတ်ထားတယ်။ တိုက်ပွဲဖြစ်နေတော့ ပိတ်ထားတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဟိုယာအုပ်စုတစ်ခုတည်းမှာပင် လူဦးရေ ၂၁၆ ဦး အိမ်ထောင်စု ၅၆ စု ထပ်မံ ရောက်ရှိနေပြီး ထပ်ရောက်လာအုံးမည့် စစ်ရှောင်များလည်း ရှိနေသေးသည်ဟု ကိုမိုက်ကယ်က ပြောသည်။

ကရင်နီ ဒေသအချို့တွင် ဆေးဝါး အခက်အခဲတွေ့

မိုးရာသီကာလ ရောက်လာပြီ ဖြစ်သည့်အတွက် ကရင်နီပြည်ရှိ ဝေးလံခေါင်ဖျားဒေသများ၌ ဆေးဝါးလို အပ်ချက်များနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲများ ကြုံတွေ့ရသည်ဟု ဒေသခံများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးသူ ဝန်ထမ်းများက ပြောသည်။

ကရင်နီပြည်၏ ဝေးလံ ခေါင်းဖျား‌ဒေသဖြစ်သော ဖရူဆိုအနောက်ဖက် ထူးချောင်းဒေသ၌ စစ်ရှောင်ရင်း စေတ နာ့ဝန်ထမ်း လုပ်ကိုင်နေသော CDM သူနာ ပြုဆရာမ တစ်ဦးက ယခုနှစ် မိုးရာသီကာလတွင် သူမ ကြုံတွေ့နေရ သည် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

မိုးတွင်းကာလရောက်ရင် ဒီဖက်ကြုံတွေ့ရတဲ့ အဓိက အခက်အခဲက လမ်းပန်းဆက်သွယ်ရေးပဲ။ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ဆေးဝါးထောက်ပံ့မှုက ပိုခက်ခဲလာတယ် ဟု ပြောသည်။

ကျေးရွာချင်း ဆက်သွယ်ထားသည့် လမ်းများမှာ မြေသားလမ်းများသာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ‌ပေး ရန် သွားရောက်ကွင်းဆင်းရာတွင် လမ်းလျှောက် ကွင်းဆင်းရသည့်အတွက်လည်း ခက်ခဲပင်ပန်းမှုများစွာ ကြုံ တွေ့နေရသည် ဟု ဆိုသည်။

လမ်းပန်းဆက်သွယ်ရေး အပြင် ကျေးရွာလူထုများအတွက် လိုအပ်သည့် အ‌ခြေခံဆေးဝါးများမှာလည်း  ရရှိရန် အလွန်ခက်ခဲနေသည်ဟု အဆိုပါ CDM သူနာပြု ဆရာမက ဆက်ပြောသည်။

အခု ရရှိထားတဲ့ ဆေးဝါးအနည်းငယ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ အခြေအနေက လုံးဝအဆင် မပြေဘူး။” 

ဖရူဆို အရှေ့ဖက်ခြမ်းရှိ စစ်ရှောင် အမျိုးသမီးငယ်တစ်ဦးကလည်း ညီမနေတဲ့ဖက်မှာတော့ပေါ့နော် ကျန်းမာ ရေး ဝန်ထမ်းတော့ ရှိတယ်။ ဆေးဝါးကတော့ လုံလောက်တယ် ဆိုတာထက် မရနိုင်တဲ့ ဆေးဝါးတွေလည်း ရှိ တယ်။ ဆေးဝါးအစုံအလင် ရှိတာမျိုးတော့ မဟုတ်ဘူးပေါ့နော် ဟု ပြောသည်။

ထို့အတူ ကရင်နီပြည်သူများထဲမှ လူဦးရေထက်ဝက်ခန့် စစ်ရှောင်နေကြရသည့် ဒီးမော့ဆို အနောက်ဖက်ခြမ်း က စစ်ရှောင်စခန်းများရှိ ကျောင်းများတွင်လည်း အခြေခံဆေးဝါးနှင့် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း ကိစ္စ ရပ်များ စသည့် လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင် CDM  ကျောင်းဆရာတစ်ဦးက ပြောသည်။

အဓိကကတော့ ဆယ်ကျော်သက်အရွယ် သံဓာတ်အားဆေးနဲ့ ယူရစ်အက်ဆစ်တွေ လိုအပ်တယ်။ ကျောင်း ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဟောပြောပွဲလေးတွေ အဲ့ဒီအပိုင်းမှာလည်း လိုအပ်နေတယ်။ စစ်ရှောင်စခန်း တွေမှာတော့ အဓိက ကဆေးဝါးပဲ လိုတယ် ဟု စစ်ရှောင် CDM  ကျောင်းဆရာက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် ဖြစ်ပွားလာသည့် စစ်ရေး ပဋိပက္ခများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေထိုင်စားသောက်ရေးအတွက် သာမက ပညာရေး အခွင့်အလမ်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရေး အခက်အခဲများ ဖြစ်နေကြသည်။

လက်ရှိ မိုးတွင်းကာလတွင် သွားရေးလာရေး ပိုမိုခက်ခဲ့လာသည့်အပြင် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ ရာသီတုတ်ကွေး အစ ရှိသည့် ရောဂါများ အဖြစ်များလာနေသည့်အတွက် ဆေးဝါးလိုအပ်ချက်များ အဓိက ဖြစ်နေသည်ဟု ဒေသခံများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးသူ ဝန်ထမ်းများက ပြောသည်။

ဒီးမော့ဆိုတွင်လည်း တုတ်ကွေးနှင့် ငှက်ဖျား အဖြစ်များနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတိုင်းနီးပါး၌ တုပ်ကွေးနှင့် ငှက်ဖျား ရောဂါအဖြစ် များနေပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသည်ဟု ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။ 

ဒီးမော့ဆိုအနောက်ဘက် လွိုင်နန်းဖဇုန်ထဲတွင် ရှိသည့် ကျေးရွာတစ်ရွာတွင် ရောဂါ ဖြစ်ပွားနေသော အခြေအနေ နှင့် ပတ်သက်ပြီး ကျေးရွာဆေးပေးခန်းက CDM သူနာပြု ဆရာမ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာတော့ တုပ်ကွေးတွေ အဖြစ်များတယ်။ လူဦးရေကတော့ ရာကျော် လောက် ရှိ မယ်။ လူလတ်ပိုင်းတွေမှာ အဖြစ်များတာပေါ့နော။ ချောင်းဆိုး၊ နှာစေးတာတွေတော့ ပိုပြီးတော့ အဖြစ်များ တာပေါ့။ ကိုယ်ပူချောင်းဆိုး နှာစေး အဲ့ဒါတွေ အဖြစ်များတယ်။” 

တုပ်ကွေးရောဂါ ခံစားနေရသူ ဒေသခံ တစ်ဦးကလည်း ခံစားရပုံကို ယခုကဲ့သို့ ပြောသည်။

ဒီဖက်မှာဆို လူတွေက တအားဖျားကြတယ်။ ဖျားတာ ဒီတစ်ခေါက် ဖျားတာ ဘယ်လိုလဲမသိဘူး နေရတာ ချောင်းလည်း ဆိုးတယ်၊ နှာစေးတယ်၊ ကိုက်ခဲတယ်၊ ပြီးခေါင်းတွေလည်းမူးဝေ အဲ့လိုမျိုးတွေ ဖြစ်တယ်လေ။ နောက်ပြီးတော့မှ လည်ချောင်းလည်းနား အဲ့လိုမျိုးတွေ လူက အားမရှိသလိုလို အဲ့လိုမျိုးဖြစ်တယ်။ ငှက်ဖျား လိုလို တုပ်ကွေးလိုလို အဲ့လိုမျိုးဖြစ်တယ်။ ချမ်းစိမ့် ချမ်းစိမ့်လည်း ဖြစ်တယ်။” 

တော်လှန်ရေး အဖွဲ့ အစည်းများမှ ရဲဘော်များလည်း တုတ်ကွေးနှင့် ငှက်ဖျားရောဂါ ခံစားနေရသည်ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ဖားဆောင်း ဘက်ပေါ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေ သွားတိုက်တယ် အခုမိုးရာသီဆိုတော့ ဒီဦးနှောက်ထဲထိ ဝင်နိုင် တဲ့ ငှက်ဖျားပိုးတွေက တစ်ယောက်စ နှစ်ယောက်စ တွေ့ရတယ်ပေါ့နော်။ အဓိက ကတော့ စဖြစ်တာက ဒီဖား ဆောင်းဖက်သွားရင်းနဲ့ အဲ့မှာ ငှက်ဖျားပိုးတွေတွေ့ တွေ့ပြီးတော့ ပြန်လာနားကြတယ်။ ငှက်ဖျားပိုး ကူးတာ ထက် ခြင်တွေလည်းကိုက် အဲ့ဒါနဲ့ ကူးကုန်ကြတယ်။ တစ်ကိုယ်လုံး ကိုက်ခဲပြီးတော့ လည်ချောင်းနာ၊ နှာစေး၊ ကိုက်ခဲ အဲ့လိုမျိုးတွေ ဖြစ်ပြီးတော့ သုံးလေးရက်လောက် ခံလိုက်ရတာက တော်တော်များတယ်ပေါ့။ အဲ့ရော ဂါက တော်တော် ဖြစ်များနေတယ် လောလောဆယ်မှာ။ အခုဆို ကိုယ့်ရဲဘော်တွေလည်း တစ်ရုံးလုံး ဖြစ်တယ်။” 

လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကြောင့် ဆေးဝါးများ ဝယ်ယူရန်နှင့် သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်း၊ ငွေကြေး မလုံလောက်သည့်အတွက် ဆေးခန်းမသွားနိုင်ခြင်း၊ ဆေးမဝယ်စားနိုင်ခြင်း စသည့် အခြေအနေများ ကြောင့် ဆေးမီးတိုနှင့် ကုသနေကြရသည်ဟု ဒေသခံများက ပြောသည်။

ဆေးဝါးလိုအပ်မှု အခြေအနေများနှင့် ပတ်သက်၍လည်း ကျေးရွာဆေးပေးခန်းမှ CDM သူနာပြု ဆရာမက ယခုကဲ့သို့ ပြောသည်။

ဆေးဝါးလုံလောက်မှုက ဘယ်ရှိပါ့မလဲ။ လူဦးရေကများတဲ့ အခါကျတော့လေ။ ဆေးဝါးကတော့ တစ်ချို့ တစ်လေပဲ ရှိတယ်။ လုံလောက်မှုတော့ မရှိတဲ့အတွက်ကြောင့်လို့မို့ အပြင်မှာ ဝယ်ယူသုံးစွဲရတယ်။ လိုအပ်တဲ့ ဆေးလည်းမှာလို့ မရတဲ့အခါ ကျတော့လည်း ပိုအခက်အခဲ ရှိပါတယ်။ ဆေးဝါးတွေ ရရှိမယ်ဆိုရင်တော့ ဆေး ဝါးတွေ လုံလောက်အောင် ဖြည့်စွက်ပေးစေချင်တယ်ပေါ့။” 

လိုအပ်နေသော ဆေးဝါးများကို ကူညီထောက်ပံ့ပေးရန် အလှူရှင်များ၊ အကူအညီပေးရေး အဖွဲ့များနှင့် တာဝန်ရှိ သူများကို တောင်းဆိုသည်ဟု ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့် နှစ်ကထက် ယခုနှစ်တွင် တုပ်ကွေးရောဂါ ပိုအဖြစ်များနေပြီး ဆေး ဝါး လိုအပ်မှုများအပြင် ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လည်း အကူအညီများ ပိုမိုလိုအပ်နေသည်ဟု ကျေးရွာဆေးပေးခန်းမှ CDM သူနာပြု  ဆရာမက ပြော သည်။

တိုက်ပွဲများကြောင့် စစ်ရှောင်များ ၆ လအတွင်း အရပ်သား ၅၀ နီးပါး သေဆုံး

စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီပြည်နယ်တွင် ၆ လတာ ကာလအတွင်း အရပ်သား ၄၈ ဦး သေဆုံးပြီး ၁၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ပြောသည်။

၂၀၂၄  ဇန္နဝါရီလ မှ ဇွန်လအထိ ၆ လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ခတ်မှု များကြောင့် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု အများဆုံး ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခြင်း၊ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရခြင်း၊ လက်နက် မတော်တဆ ထိခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းနှင့် မြေမြပ်မိုင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများ ရှိသည်ဟု IEC က ဆိုသည်။

အလားတူး ယခု ဇူလိုင်လအတွင်း၌ပင် လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်အချို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်ဟု (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးဗညားက ဇူလိုင်လ ကတော့ လောလောဆယ် ကတော့ ၄ ရက်နေ့မှာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ သိရ တယ်ပေါ့နော်။ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ကျရောက်ထိမှန် သေဆုံးတာလို့ အကြမ်း ဖျင်း သိရတယ်နော် ဟု ပြောသည်။

၆ လတာကာလအတွင်း စစ်ကောင်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦးနှင့် အချက်လက် မသိရှိသူ ၁ ဦး တို့ သေဆုံးခဲ့ပြီး ကလေး ၉ ဦး၊ အမျိုးသမီး ၁၄ ဦး နှင့် အမျိုးသား ၁၂ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု IEC က ဆိုသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၅ ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး သေးဆုံးခဲ့ပြီး ကလေး ၄၅ ဦး အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ ( IEC) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

ကရင်နီပြည်ထဲက တိုက်ပွဲများ

ဇူလိုင်လ ပထမပတ်အတွင်း၌ပင် ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာမှုများနှင့်အတူ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။

စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အရပ်သား ပြည်သူများအနေဖြင့် နေရပ်ပြန်ရန် မသင့်သေးသော်လည်း လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်များတွင် ပြန်နေထိုင်သူများလည်း ရှိနေသည်ဟု ကရင်နီ တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောသည်။

ဗိုလ်မှူးကြီး ဘုန်းနိုင်က အမှန်ကတော့ သူတို့ စစ်မြေပြင် မပြန်လာကောင်းဘူးလေး။ တချို့တလေ မှိုင်းလုံး တို့ဘာတို့၊ ရွာတန်းရှည်တို့၊ မြကလပ်တောင်တို့ ဘာတို့ပေါ့။ ဒါပေမဲ့ များတာကတော့ နန့်ဘော်ဝမ်မှာတော့ များတယ်။ နန့််ဘော်ဝမ်က ရန်သူလည်း ပိုရှိတယ်လေ။ လူထုလည်း ရှိတယ်လေ။ ရွာသားတွေက ဘယ်လောက် ရှိလဲ၊ ဘယ်လောက်သေလဲ ဆိုရင် ကျနော်လည်း မသိဘူးလေးနော်။ အဲ့ဒါက အခြေအနေ ဆက်ပြီးတော့မှ နား ထောင် ရမယ်ပေါ့နော် ဟု ပြောသည်။

ပြည်သူများကို နေရပ်၌ ပြန်မနေကြသေးရန် အကြိမ်ကြိမ် အသိပေး ပြောဆိုထားသော်လည်း ရပ်ရွာနှင့် နေအိမ် များကို စိတ်မချ၍ ပြန်လာသူများ ရှိနေသောကြောင့် တိုက်ပွဲများထဲ အရပ်သားပြည်သူများ မထိခိုက်အောင် သတိထားနေရသည်ဟု ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်ထဲတွင် သတ်ဖြတ်ခံရသူ ၅၄၃ ဦး၊ ဖမ်း ဆီးခံရသူ ၃၇၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ ၆၃၃ ဦးရှိသည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ရက် (KCSN) ၏ နှစ်ပတ်တစ်ကြိမ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဖမ်းဆီး သတ်ဖြတ်ခံရသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ အားလုံးသည် အရပ်သားများ ဖြစ်သည်ဟု KCSN က ဆို သည်။

တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးသူများ ဆက်တိုးလာနေသည့်အပြင် လမ်းပန်းဆက်သွယ်ရေးပိုင်း ခက်ခဲလာသည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်ချက်ကလည်း စိန်ခေါ်မှု ကြီးကြီးမားမား ဖြစ်လာနေသည်။

ပြည်နယ်အတွင်းရှိ စစ်ရှောင်များအား စာနာသောအားဖြင့် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများ အတွက် လမ်းများကိုဖွင့်ထားပေးဖို့ လိုအပ်ပြီး နိုင်ငံတကာဘက်ကလည်း ကူညီပံ့ပိုးပေးကြဖို့ လိုအပ်သည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများက ထောက်ပြတောင်းဆိုနေကြသည်။

နယ်စပ်တလျှောက်ရှိ အိမ်နီးချင်းနိုင်ငံများကလည်း စစ်ရှောင်များအတွက် လက်တွေ့ကျသည့် ကူညီထောက်ပံ့မှု များ လုပ်ဆောင်နိုင်ရေး လမ်းကြောင်းများကို ဖွင့်ပေးသင့်သည်ဟု (IEC) အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ဆက်ပြောသည်။

အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေက ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ ကူညီမှုတွေ ထောက်ပံမှုတွေကို ဖွင့်ပေး ရ မယ်။ ပြီးရင် သူတို့ ကိုယ် တိုင် လမ်းကြောင်းရှာဖွေပေးဖို့ လိုအပ်တယ်ပေါ့။ အဲဒါမှပဲ ကျနော်တို့ စစ်ရှောင်တွေ ပြည်သူလူထုတွေ အတွက် က လိုအပ်တဲ့ အကူညီတွေကို ရနိုင်မယ်ပေါ့။ ဒါမှမဟုတ် လူထုတွေအတွက်က စိုးရိမ် စရာ ဖြစ်တယ်ပေါ့။

ကရင်နီပြည်နယ်ထဲတွင် ကုန်စည်လမ်းကြောင်းများ ပိတ်သွားသည့်အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မရတော့သောကြောင့် မြေပြင်က စစ်ရေးအခြေအနေနှင့် စစ်ရှောင်များ၏ အခြေအနေများ အချိန်နှင့်တပြေးညီ သိရှိရနိုင်ရေး အခက်အခဲဖြစ်နေသည်ဟု ကူညီပေးနေသူများက ဆိုကြသည်။