တနင်္သာရီ ဗုံးကြဲမှု ရွာသား နှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီက အနောက်သာရဖုံ ကျေးရွာနှင့် ပဝကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အနောက်သာရဖုံကျေးရွာက ရွာသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာရဖုံကျေးရွာမှ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဝမ်းဗိုက်တွင် ရှပ်ထိ ဒဏ် ရာရရှိခဲ့ပြီး၊ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ လက်မောင်းတွင် ရှပ်ထိဒဏ်ရာများ အသီးသီးရရှိခဲ့ကြ သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးက “တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ တမင်သက်သက် ဗုံးနဲ့လာကြဲတာ။ ကြောက်ပြီး အိမ်အောက် ဆင်းအပြေးမှာ ကံဆိုးပြီး အိမ်ရှေ့တည့်တည့်မှာ ဗုံးသီးလာကျတာ။ ကံကောင်းလို့ လက်မောင်းကို အစလောက်ပဲ လာစင်တာ” ဟု ပြောသည်။
စစ်ကောင်စီက K-8W တိုက်လေယာဥ်နှင့် အနောက်သာရဖုံကျေးရွာ ထိပ်ပိုင်းကို ဗုံးသီး ၁၈ လုံးနှင့် ပဝကျေးရွာ ကို ဇူလိုင်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂နာရီ အချိန်ခန့်က ဗုံးသီး ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်က အနောက်သာရဖုံကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲချခဲ့သည့်အပြင် စစ်သေနတ်ဖြင့် လည်း အချက် ၃၀ ထက်မနည်း ပစ်ခတ်သွားခဲ့သည်ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
အနောက်သရဖုံကျေးရွာနှင့် နီးစပ်သည့် ပဝကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ ရာ ဗုံးသီးများမှာ ကျေးရွာအပြင်ဘက်တွင်သာ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ရွာသားများ ထိခိုက်မှုမရှိခဲ့ ဟု ဆိုကြသည်။
ဇူလိုင်လ ၂ ရက်နေ့ကလည်း အနောက်သာရဖုံကျေးရွာထဲသို့ စစ်ကောင်စီက Mi-2 ရဟတ်ယာဥ်ဖြင့် ဗုံးသီး ၇ လုံး ကြဲချသွားခဲ့သဖြင့် ၉တန်းကျောင်းသား ၁ ဦး ဗုံးသီးအစများ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သေးကြောင်း ရွာသား တစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီက ကျေးရွာများကို အဓိက ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက် လာနေကြောင့် ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဗုံးခိုကျင်းများ လုပ်ကာ သတိပေးချက်များအား လိုက်နာကြဖို့ လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်း နှိုးဆော်ထားသည်။