လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အခြေစိုက် စစ်ကောင်စီ အမြောက်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။
အရှေ့မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းမှ အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ ကျွန်းထိပ်ကျေးရွာနှင့် အန္ဒာပြင်ကျေးရွာများဘက်သို့ ဇူလိုင်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က လက်နက်ကြီးဖြင့် လေးချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့် အရွယ် ကျွန်းထိပ်ရွာသားတစ်ဦးက “ကျွန်းထိပ်ရွာက သူ့အဖေအိမ်မှာ ခဏဝင်နားတုန်း အိမ် နှစ်ဆောင်ကြားထဲ လက်နက်ကြီးကျလာပြီး သူ့ကိုထိတာ။ တခြား ထိခိုက်သူတွေတော့ မရှိဘူး။ လက်နက်ကြီး ပထမဆုံး အချက်မှာ ထိတာပါ” ဟု ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့ခြင်းကြောင့် အသိမိတ်ဆွေ နာရေး သို့ သွားရန် ကျွန်းထိပ်ကျေးရွာ၌ ရောက်ရှိနေသော ကမ်းရိုးတန်း (၂) ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် မမီးငယ် ဆိုသူ အမျိုးသမီး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ကျွန်းထိပ်ရွာသားများက ပြောသည်။
လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းကြောင့် မမီးငယ်၏ ဦးခေါင်း၊ ရင်အုံ၊ ခြေထောက်နှင့် လက်မောင်း စသည့် နေရာ အနှံ့အပြားတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုပေးနိုင်ရန် ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းခရီး၌ပင် သေဆုံးသွားခဲ့ကြောင်း ရွာသားများက ဆိုသည်။
သို့သော် ယခု လက်နက်ကြီးဖြင့် ပစ်ခတ်မှုထဲ၌ ကျေးရွာအတွင်းက နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်း ရွာသားများက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရှေ့မော်တုန်းရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းမှ အနီးအနားရှိ အခြားသော ကျေးရွာများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်မှာ သုံးရက်ဆက်တိုက် ရှိနေပြီ ဖြစ်ကြောင်း ရွာသားများက ပြောသည်။
ဇူလိုင်လ ၁၃ ရက်နေ့က ပဝကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ပြီးနောက် နောက်တစ်ရက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရမ်းဖိုကျေးရွာဘက်ကို ပစ်ခတ်ခဲ့သေးကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီ၏ အမတ – ၃၀၆ တပ်ရင်းမှာ အရှေ့မော်တုန်းကျေးရွာအဝင် လမ်းဆုံတွင်တည်ရှိပြီး ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို ယခင်ကလည်း မကြာခဏလုပ်လေ့ ရှိခြင်းကြောင့် ရွာသားများ ထိခိုက်မှု အများအပြားရှိနေသည်ဟု ဆိုသည်။
အလားတူ တပ်ရင်းအနီး၌ မြေမြုပ်ထားသည့် မိုင်းများကြောင်လည်း ရွာသား သေဆုံးသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။