သံတွဲတွင် ဆန်ဝယ်ရ ခက်ခဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။ 

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ဆန်ဝယ်ယူ၍ မရသောကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည်ဟု ဒေသခံများ က ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပိုက်ဆံရှိရင်တောင် ဝယ်စရာဆန်ကမရှိဘူး။ တပ်တော်အုပ်ချုပ်တဲ့ ဒေသတွေနဲ့ ကျိန္တလီမြို့နယ်ခွဲဘက်က ဆန်တွေကို တင်သွင်းဖို့ကျတော့လည်း စစ်ကောင်စီဂိတ်တွေက ခွင့်မပြု ဘူး။ ဆန်ရဖို့အတော်ခက်ခဲနေတယ် ဟု ဆိုသည်။

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်တွင် ကုန်ပစ္စည်းများကို ပြည်မ ဘက်မှ အဓိက တင်သွင်းနေရခြင်း ဖြစ်သည်။

ပြည်မဘက်မှ သယ်ယူပို့ဆောင်ရာ၌ အဓိကကျသည့် ဧရာဝတီ – ဂွ – သံတွဲ လမ်းကြောင်းအား စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များမှ ဆန်အပါအဝင် စားသောက်ကုန်နှင့် အခြားသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် AA ထိန်းချုပ်ထားသည့် ဒေသများမှ သံတွဲမြို့နယ်သို့ ဆန်တင်သွင်း၍ မရအောင် လက်ကျန် စစ်ကောင် စီတပ်သားများမှ တားဆီးထားကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ဆန်ရှားပါးမှုကြောင့် လက်လုပ်လက်စား ဒေသခံများ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည်ဟု ဆိုသည်။

ထို့အပြင် စစ်ဘေးကို ကြောက်၍ ကြိုတင်ရှောင်နေကြသည့် ဒေသခံများ၏ အိမ်များလည်း နေ့စဉ် ဖောက်ထွင်း ခံရမှုများ ရှိနေသည်ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နေ့တိုင်း ဖောက်ထွင်းတာတွေ လုပ်ကြတယ်။ ကျန်တာတော့ မယူကြဘူး။ ထားခဲ့တဲ့ စားနပ်ရိက္ခာကို ယူကြ တာ။ ငတ်လာတော့လည်း မနေနိုင်ကြဘူးလေ။

သံတွဲမြို့နယ်အပြင် စစ်ကောင်စီ လက်အောက်၌ ကျန်ရှိနေသေးသည့် မြို့နယ်များမှာလည်း ဆန်ပြတ်လပ်မှု ပြဿနာများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

အာရက္ခတပ်တော် AA က သံတွဲအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်း ၂ ခု ဖြစ်သည့် ခလရ (၅၅)နှင့် ခမရ (၅၆၆) အပြင် သံတွဲ (မဇင်)လေဆိပ်ကိုပါ သိမ်းပိုက်ထားသည်။

ထို့အပြင် လက်ကျန် စစ်ကောင်စီ တပ်သားများနှင့် အာရက္ခတပ်တော် AA တို့ကြား လက်ရှိ အချိန်အထိ သံတွဲမြို့ နယ်၌ တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – Crd