ညောင်ရွှေတွင် ပြည်သူ့စစ် နှစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းတွင် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

နန်းဗွန်ကျေးရွာ အနီးတစ်ဝိုက်လမ်းများ တစ်လျှောက်၌ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ကင်းလှည့်လာသည့် PNA တပ်ဖွဲ့ဝင် ၂ ဦးအား ပျားစစ်ကြောင်းမှ အလစ်အငိုက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံး ခဲ့ခြင်း ဖြစ်သည်။

နန်းဗွန်ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက သူတို့က စစ်ကြောင်းထိုးပြီးတော့ ရွာထဲမှာ တပ် စွဲထားတာ။ တစ်ရွာ ဘယ်နှစ်ယောက်၊ ဘယ်သူကတော့ ဘယ်ရွာ အဲ့လို သတ်မှတ်ထားတာ။ သူတို့ ရှိနေတာ တော်လှန်ရေးအဖွဲ့တွေက သိထားတော့ သူတို့ ထွက်တဲ့အချိန်မှာ ချောင်းပစ်လိုက်တာ အဲ့နားတင်မှာပဲ သေတာ ပဲ ဟု ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၂၀ ကျော် ဝန်းကျင်အရွယ် ပအိုဝ်းအမျိုးသားများ ဖြစ်ကြပြီး မကြာသေးမီကမှ ပြည် သူ့ စစ်သင်တန်း တက်ရောက်ထားသူများ ဖြစ်သည်ဆိုကြသည်။

ထို့အပြင် ၎င်းတို့  ၂ ဦးထံမှ မောင်းပြန်သေနတ် ၂ လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဆံ၊ ငွေသားအချို့နှင့် ဖုန်းတို့ ကိုပါ သိမ်းဆည်းရမိခဲ့ပြီး ပျားစစ်ကြောင်းမှာမူ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

PNA နှင့် နီးစပ်သည့် နန်းဗွန်ရွာခံ တစ်ဦးက သူတို့ ရှိနေတုန်းပဲ။ ရွာသားတွေ အိမ်ထဲမှာ ဝင်နေကြတယ်။ ရွာသား တွေက နေစရာမရှိတော့ တောင်ယာခင်းထဲ သွားအိပ်ရတယ် ဟု ပြောသည်။

ညောင်ရွှေမြို့နယ်ရှိ နန်းဗွန်နှင့် ထီရီးကျေးရွာတွင် PNA ပြည်သူ့စစ်အဖွဲ့က တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ အဖိုးတန် ပစ္စည်းများအား ခိုးယူခြင်း၊ ရိက္ခာ အဓမ္မ စုဆောင်းခြင်းများ ပြုလုပ်နေကြသည်ဟု ရွာသားများက ပြောသည်။

လာမည့် လအတွင်း၌လည်း ထိုကျေးရွာ ၂ ရွာမှ စစ်မှုထမ်းခေါ်ယူမည်ဟု PNA ထပ်ပိုင်း အရာရှိများက ပြောဆို ထားသောကြောင့် ရွာခံလူငယ် အများစုမှာ အခြားဒေသများနှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်ရှောင် နေကြ ရသည်ဟု ဆိုသည်။