စစ်ကောင်စီက ဖြေလျှော့ပေးသည့် CDM Black lists အမည်ပျက်စာရင်း ဆိုသည်မှာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက အတော်လေး အားကောင်းခဲ့ပြီး ဒီနေ့အချိန်ထိ အခက်အခဲ အမျိုးမျိုးကြားကနေ စစ်အာဏာရှင် ကို ဆန့်ကျင်ကြောင်း ၃ နှစ်ကျော်ကြာလာတဲ့အထိ ဆက်ပါဝင်နေကြပါတယ်။ 

ဒီလို အားကောင်းကောင်းနဲ့ ပါဝင်နေတဲ့ အပေါ် စစ်ကောင်စီကလည်း CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို ပြန်လာ ကြဖို့၊ အမည်ပျက်စာရင်း (Black lists) ကနေ ဖြေလျှော့ပေးဆိုပြီး အကြိမ်ကြိမ် ပြန်ခေါ်နေတာ ရှိပါ တယ်။

စစ်ကောင်စီရဲ့ ဒီလို ပြောဆို ခေါ်ဆိုနေမှုတွေဟာ လူထုတော်လှန်ရေးကို ပြိုကွဲစေဖို့ သွေးထိုးတဲ့ လုပ်ရပ်တစ်ခု သာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူ တွေက ပြောကြပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျန်းမာရေး ဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု စတင်လိုက်တဲ့နောက် ပညာရေး၊ မြန်မာ့မီးရထား၊ မီးသတ် အပါအဝင် တခြား သော ဝန်ကြီးဌာနက ဝန်ထမ်းတွေ ပါဝင်ခဲ့ကြပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က လက်ရှိ ၂၀၂၄ ခုနှစ် အထိ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဆီမှာ စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော် ရှိနေပါတယ်။

အာဏာသိမ်း သုံးနှစ် ကာလအတွင်း NUG အနေနဲ့ CDM တချို့ကို တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်နိုင်အောင် မတည်ငွေထုတ်ပေးတာ၊ ထောက်ပံ့ကြေးပေးတာနဲ့ ထိန်းချုပ်နယ်မြေတွေမှာ လာရောက်နေထိုင်ပြီး တာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်တာမျိုးတွေရှိပါတယ်။ 

ဒီလို အခြေအနေတွေရဲ့ တဖက်မှာတော့ များလှစွာသော CDM ဝန်းထမ်းတွေကတော့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲမှာပဲ စိန်ခေါ်မှု အမျိုးမျိုးကြားကနေ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဆက်လက်ကျားကန်ရင်း ပါဝင်နေကြါတယ်။

အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက ထောက်တိုင်တစ်ခုဖြစ်ပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ပုဂ္ဂလိက ဆေးရုံတွေမှာ အလုပ်ရှာဖွေတဲ့အခါ စစ်ကောင်စီရဲ့ ဖိအားကြောင့် သူတို့ကို အလုပ်မခန့်ရဲတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုပဲ CDM ပညာရေး ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဘဝ ရောက်ခဲ့ရတာ ၃ နှစ်ကျော်သွားပါပြီ။ စစ်ကောင်စီက ပုဂ္ဂလိကကျောင်းတွေမှာ CDM ဆရာ ခန့်တာကို ထိန်းချုပ်နိုင်ဖို့အတွက် ပုဂ္ဂလိကပညာရေး ဥပဒေကို ၂၀၂၃ ခုနှစ်မေလမှာ ပြဋ္ဌာန်းပြီး ပညာရေးဝန်ကြီးဌာနက ဖွဲ့စည်းတဲ့ ကြီးကြပ်ရေးအဖွဲ့က ပုဂ္ဂလိက ကျောင်းနဲ့ဆက်စပ်တဲ့ အရာအားလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် အကြောက်တရား ကြီးစိုးပြီး CDM တွေကို အလုပ်မခန့်တာတွေ၊ CDM တွေကို အိမ်မငှားတာတွေ၊ ငှားရင်လည်း စျေးကို နှစ်ဆတင်တာမျိုးတွေ ကြုံနေရတယ်လို့ CDM ဝန်ထမ်းတွေက ဆိုပါတယ်။

ဒီလို ခြိမ်းခြောက်မှုတွေရဲ့ တဖက်မှာတော့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်ခေါ်နေပါတယ်။ ပြန်ခေါ်ရာမှာလည်း အကြိမ်ကြိမ် ပြန်ခေါ်တာ ဖြစ်ပါတယ်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်ပျက်စာရင်း (Black lists) ကနေ ဖြေလျှော့ပေးမယ့် စစ်ကောင်စီရဲ့ ပြောဆိုမှုဟာ လူထုတော်လှန်ရေးကို ပြိုကွဲစေဖို့ သွေးထိုးတဲ့လုပ်ရပ် တစ်ခုဖြစ်တယ်လို့  တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ပြီး အမည်ပျက်စာရင်း (Blacklists) မှာပါဝင်နေသူတွေကို ဖြေလျှော့ပေးမယ် လို့ စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

CDM ဝန်ထမ်းတွေဟာ လူထုတော်လှန်ရေးမှာဘက်စုံ ထောင့်စုံကနေ ပါဝင်နေပြီး တော်လှန်ရေးကို အားဖြစ်စေသလို တွန်းအားဖြစ်စေတာကြောင့် စစ်ကောင်စီရဲ့ ကြေညာချက်ဟာ လူထုတော်လှန်ရေးကို အားနည်းသွားစေ ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောပါတယ်။

 ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားက “လူထုတော်လှန်ရေးမှာ ပါဝင်တဲ့ CDM နဲ့ ကျနော်တို့ တခြားတခြားသော ကျနော်တို့ လှုပ်ရှာသူတွေကြားမှာ ဒီစစ်ကောင်စီကို အတူ တကွ တော်လှန်တဲ့အတွက်ကြောင့်မို့ ဒီသွေးခွဲဖို့အတွက်ဖြစ်စေ မဟုတ်လည်း ကျနော်တို့ တော်လှန်ရေး အင် အားစုတွေမှာ အားနည်းသွားစေအောင်ဆိုတဲ့ စဉ်းစားချက်နဲ့ပဲ လုပ်တာဖြစ်တယ်လို့ ကျနော် မြင်ပါတယ်” လို့ ပြောပါတယ်။


CDM ဝန်ထမ်းတွေကို လုပ်ငန်းစွန့်ခွာခဲ့တဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး အမည်ပျက်စာရင်းကနေ ပယ်ဖျက် ဖြေလျော့ပေးသွားမှာ ဖြစ်သလို တရားဝင် နေထိုင်ခွင့်လည်း ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

အဲဒီထုတ်ပြန်ချက်အပေါ်မှာတော့ CDM ရဲဝန်ထမ်းတစ်ယောက်ကအာဏာရှင်လက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် ပြည်သူဘက်က ရပ်တည်ခဲ့တာဖြစ်ပြီး ပြည်သူကို တော်လှန်သွားဖို့ မရှိဘူးလို့ပြောပါတယ်။

CDM ရဲဝန်ထမ်းတစ်ဦး “ပြည်သူကို ကိုယ်တွေက ထိခိုက်နစ်နာစေတဲ့အရာအားလုံး မလုပ်ချင်တဲ့ အတွက် CDM လုပ်ရခြင်းဖြစ်တယ်။ ပြန်ခေါ်ရင်လည်း သွားစရာအကြောင်း မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေကို လက်မခံနိုင်တာကြောင့် CDM လုပ်လာသူတွေဖြစ်တာကြောင့် လက်ရှိစစ်ကောင်စီရဲ့ အမည်ပျက်စာရင်း (Black lists) ကနေ ဖြေလျှော့ပေးမယ့်ကိစ္စနဲ့ စည်းရုံးပြောဆိုမှုဟာ အောင်မြင်မှာ မဟုတ်ဘူးလို့  ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မူစဲကပြောပါတယ်။

ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မူစဲ က “လူ့အရင်းအမြစ်တွေက ဘယ်မှမဆုံးရှုံးဘူးပေါ့နော်။ လူ့အရင်း အမြစ်တွေက ရှိနေပြီးသားပဲ။ အဓိကက ဒီ CDM လုပ်တဲ့သူတွေက ဒီစစ်ရဲ့ အုပ်ချုပ်မှု၊ စစ်ရဲ့လူထုအပေါ်မှာ ပေါ့နော် စစ်အုပ်စုက အာဏာကို ဓားပြ တိုက်သွားတာကို သူတို့ လုံးဝ မကျေနပ်လို့ လက်မခံ လို့ CDM လုပ် တာဖြစ်တယ်” လို့ ပြောပါတယ်။

CDM ဝန်ထမ်းတွေဟာ လူထုတော်လှန်ရေးမှာ အတက်ကြွဆုံး စုပေါင်းအင်အားကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ငန်းယန္တရား အများအပြားကို ရပ်တန့်သွားစေခဲ့တဲ့အတွက် CDM ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်သွား စေဖို့ ပြန်ခေါ်နေတာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ပြောပါတယ်။

ဒီရက်ပိုင်းထဲမှာ လုပ်ခဲ့တဲ့ NUG အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှတော့ ပညာရေး ကဏ္ဍက CDM လှုပ်ရှားမှုမှာ အရေးကြီးဆုံး ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပညာရေးဌာနဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပါဝင်မှုက အများဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။ 

 (NUG) ပညာရေးဝန်ကြီးဌာန၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ ပြည်သူ့ဆက်ဆံရေး ယူနစ်က ဩဂုတ်လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ‘ညီညွတ်သော တော်လှန်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးဆီသို့ ’သတင်းစာရှင်းလင်းပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး က ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ပညာရေးဌာနဟာ အဓိက အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဓိက တော်လှန်ရေး အင်အားစုကြီးဟာ ပညာရေးအင်အားစုကြီးပဲ ဖြစ်ပါတယ်။ တော်လှန်တဲ့ ကျောင်းသားတွေ၊ တော်လှန်တဲ့ ဆရာ၊ ဆရာမတွေ တော်လှန်ရေးဝန် ထမ်းနေတဲ့အင်အားတွေများဟာ ဒီနေ့ တော်လှန်ရေးအင်အားစုများထဲမှာ ကြီးမားဆုံးအင်အားစု ဖြစ်ပါတယ်” 

ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်တာကနေ တစ်ဆင့် လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းသွားတဲ့ အခါမှာ လည်း CDM ကျောင်းသား၊ ကျောင်းသူတွေ၊ CDM ဆရာ၊ ဆရာမတွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ အတူ လက်နက်ကိုင် တော်လှန်ရေး အင်အားစုထဲမှာ အကြီးမားဆုံး ပါဝင်နေတဲ့ အင်အားစု ဖြစ် တယ်လို့ NUG ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM အခန်းကဏ္ဍရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

ဦးဗညား က “ဒီ CDM တွေက တကယ့်ကို ဒီလူထု တော်လှန်ရေးမှာပေါ့နော် အတက်ကြွဆုံးသော ကျနော်တို့ စုပေါင်း အင်အားကြီး တစ်ခု ဖြစ်တယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်လည်း စစ်ကောင်စီရဲ့ ယန္တရား တော်တော် များများမှာ ကသောင်းကနင်းတွေ ဖြစ်တယ်။ ကျနော်တို့ ကရင်နီပြည်နယ်မှာဆို လုံးဝကို ဒီဝန်ဆောင်မှုတွေ တော်တော် များများ ရပ်တန့်သွားတာလည်း ဒီ CDM လှုပ်ရှားမှုကြောင့်လည်း ပါပါတယ်” လို့ ပြောပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) မှာ ပါဝင်သူတွေရဲ့ ငြိမ်ချမ်းစွာ ဆန္ဒပြ ထုတ်ဖော်တောင်းဆိုမှု တွေကို စစ်ကောင်စီတပ်က ရက်စက်စွာ ဖမ်းဆီးပစ်ခတ်တာတွေကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသူ ကျောင်သား တွေနဲ့ ဆရာ၊ ဆရာမ ထောင်ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနက ဆိုပါတယ်။

ဒေါက်တာဇော်ဝေစိုး က “တကယ်တော့ ဒီဖက်စစ်စစ်တပ်ရဲ့ရက်စက်မှုကြောင့် အသက်ပေးခဲ့ရတဲ့ ကျောင်းသား တွေ အသက်ပေးခဲ့ရတဲ့ ဆရာတွေ ထောင်ကျော်နေပြီဖြစ်တယ်။ Data တွေက Under report ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့က ဒါတွေကို ထုတ်ဖော်မပြောကြားလိုတဲ့အတွက် မိသားစုတွေရဲ့လုံခြုံရေးအတွက် ပြောကြားခြင်း မရှိဘဲနဲ့ အရေအတွက်တွေကို ကျနော်တို့ ပွင့်လင်းစွာ ချပြထားခြင်း မရှိတာဖြစ်တယ်” လို့ ဆက်ပြောပါတယ်။

ပညာရေးကဏ္ဍက CDM ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေရဲ့ တီထွင်ကြံဆမှု၊ သုတေသနပြုမှု-စတဲ့ပညာတွေကို တော်လှန်ရေးထဲမှာ အသုံးပြုပါဝင်နေတာဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိ အဆင့်မြင့်တဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်တယ်လို့ NUG က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးက CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ဌာနတွေထဲ ပညာရေးဌာနရဲ့ အခြေခံပညာရေးကဏ္ဍမှာ ၁၁၈,၈၄၇ ယောက်၊ အဆင့်မြင့် ပညာရေးကဏ္ဍမှာ ၁၃,၆၅၂ ယောက်နဲ့ သက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍမှာ ၂,၄၀၀ ယောက်၊ စုစုပေါင်း ၁၃၄,၈၈၉ ယောက်ရှိပြီး CDM ပါဝင်မှုမှာ အများဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ရဲ့ စာရင်းအရ သိရပါတယ်။

စစ်အာဏာသိမ်းစစ် မှုကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ကမ္ဘာ့ငြိမ်းချမ်း ရေး နိုဘယ်ဆုအတွက် အော်စလိုတက္ကသိုလ်ရှိ ပါမောက္ခ ၆ ယောက် ၂၀၂၁ ခုနှစ် မတ်လတုန်းက လက်မှတ်ရေးထိုး အဆိုပြုခဲ့တာလည်း ရှိပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုဖြစ်တဲ့ CDM လှုပ်ရှားမှုကြီးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ခိုင်မာအားကောင်းရေးအတွက် အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရာမှာ အဓိကကျကြောင်း အဆိုပြုလွှာထဲမှာ ရေးသားထားပါတယ်။ 

CDM လှုပ်ရှားမှု အောင်မြင်မှုရရှိရင် နိုင်ငံအတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စစ်အုပ်ချုပ်ရေးနဲ့ လက် နက်ကိုင် ပဋိပက္ခတွေကို ချုပ်ငြိမ်းစေမယ်လို့ ဆိုပါတယ်။

CDM မှာ ပါဝင်သူတွေ၊ CDM မိသားစုတွေအတွက် အခက်အခဲတွေ၊ အကြမ်းဖက်ခံရမှုတွေနဲ့ စွန့်လွှတ် စတေးရ မှုတွေ အများကြီးရှိခဲ့ပေမယ့် ဒီလှုပ်ရှားမှုကြီးက အာဏာသိမ်းကာလ ၃နှစ်ကျော်အထိ တက်ကြွ ခိုင်မာနေဆဲ ဖြစ်ပါတယ်။

CDM လှုပ်ရှားမှုက တရားမဝင် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်ကို အောင်မြင်စွာ ကာကွယ် တားဆီး နိုင်တဲ့ လှုပ်ရှားမှုကြီးကနေ ပြည်သူအားလုံးအတွက် တန်းတူညီမျှမှု၊ အားလုံးပါဝင်မှုနဲ့ တရားမျှတမှုတို့ ကို အာမခံပေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ သွားမယ့် လှုပ်ရှားမှုတစ်ရပ်ဖြစ်တယ်လို့ သုံးသပ်ထောက်ပြမှုတွေ ရှိနေပါတယ်။