လောင်းလုံးမြို့နယ်အတွင်း ရွာသား ၁၀ ဦးကို စစ်တပ်မှ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။ 

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ထဲတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သား ၁၀ ဦးခန့်အား ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။

လွန်ခဲ့သည့် သုံးရက်က အင်အားတစ်ရာကျော်ခန့်ဖြင့် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့က ညင်းမော်ကျေးရွာ ဘက်ကို စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို ဖမ်း ဆီးသွားခြင်း ဖြစ်သည်။

ညင်းမော်ကျေးရွာအထဲတွင် ရှိနေသည့် ရွာသား ၁၀ ဦးခန့်အား စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီး သွားသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာထဲရှိ ရွာသားများ၏ ဆိုင်ကယ်များကိုလည်း လောင်းလုံးမြို့ဘက်သို့ သယ်ဆောင်သွားကြသည်ဟု ဆိုသည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ရွာသားတွေက ကြောက်လန့်ပြီး တောထဲတွေ ရှောင်တိမ်းနေကြရ တာကြောင့် ရွာထဲမှာက လူတွေမရှိကြတော့ဘူး။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ ဒုက္ခရောက်နေကြရ တယ် ဟု ပြောသည်။

လောင်းလုံးမြို့ပေါ်ရှိ လူမရှိသောနေအိမ်များတွင် တပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး လာခဲ့စဥ် ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က ညင်းမော်ကျေးရွာအနီးရှိ ကြယ်တောင်တဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြို၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ ညင်းမော်ကျေးရွာက အရပ်သား ၁၀ ဦးခန့်ကို ဖမ်းဆီးသွားသည့်အပြင် ကျေးရွာထဲက ဆိုင်ကယ်များကိုပါ ယူသွားကြသည်ဟု ဆိုသည်။

ဖမ်းဆီးခံလိုက်ရသည့် ရွာသားများ၏ နောက်ဆက်တွဲ အခြေအနေများကိုလည်း မသိရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်းနှင့် အနီးအနားရှိ အခြားသော ကျေးရွာများမှ ရွာသားများမှာလည်း ကြောက်လန့်ပြီး ဘေးလွှတ်နိုင်သည့် နီးစပ်ရာနေရာများဆီ ထွက်ပြေး တိမ်း ရှောင်နေကြရသည်။

လောင်းလုံးမြို့နယ်အတွင်း တော်လှန်ရေး အင်အားစုများက အာဇာနည်နေ့ အခမ်းအနားလုပ်ဆောင်ရန် ရှိနေ သောကြောင့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ကင်းလှည့်လာခြင်း ဖြစ်နိုင်ကြောင်းနှင့် နှစ်ဘက် ထိခိုက်မှုအခြေအနေကိုမူ မသိရှိရသေးကြောင်း ရွာသားများက ဆိုသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသည့် ဇူလိုင်လ ၁၉ ရက် နေ့ နံနက်ပိုင်း၌ပင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ထားဝယ်ခရိုင် သပိတ်ကော်မတီမှ ဦးဆောင်ပြီး အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်ခဲ့ ကြသေးသည်။