လူမျိုးရေး ပြဿနာများ ရှောင်ရှားကြရန် ယာယီသမ္မတပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။ 

လူမျိုးရေး ပဋိပက္ခများ ရှောင်ရှားရန်နှင့် တော်လှန်ရေး အင်အားစုများ ပိုမို စည်းလုံးညီညွတ်ကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ အစိုးရ ဒူဝါ လရှီးလက သတိပေးပြောဆိုလိုက်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၀/၂၀၂၄ အစိုးရအဖွဲ့ အစည်း အဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းကဒီနေရာမှာ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိ ရမှာ ဖြစ် ပါတယ်။  ကျွန်တော်တို့ဟာ မိမိတို့ တိုင်းရင်း သားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမား လာအောင် လုပ်ရမှာဖြစ်သလို၊ လက်နက်ကိုင် တော်လှန် ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ် နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစား အားထုတ်နေရမှာ ဖြစ်ပါတယ်ဟု ပြောသည်။

ထို့အပြင် ခုခံတော်လှန်စစ် အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေရန် အစည်းအဝေး တက် ရောက်ခဲ့သည့် ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူများကို NUG ယာယီသမ္မတက တိုက်တွန်းထားသည်။

NUG ယာယီ သမ္မတ ဒူဝါလရှီးလကအထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေး အရ၊ စစ်ရေးအရပေါင်းစပ်ထားတာ ဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထားနိုင် တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင် မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ ထိထိရောက်ရောက် ဖြစ်မှုနဲ့ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်မှုကို ပေါင်းစပ်နိုင်အောင်လည်း ကြိုးစားဖို့ လိုပါတယ်” ဟု ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေး ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းအကြား နယ်မြေအငြင်းပွားဆိုင်ရာ ကိစ္စရပ်များ ရှိနေသကဲ့သို့ စစ်ကိုင်း တိုင်းတွင်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ၏ လယ်မြေများကို ဖြတ်ပြီး လမ်းဖောက်လုပ်မှု ကြောင့် လူထုများနှင့် ပြဿနာများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီက ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများကြားတွင် လူမျိုးရေး ပဋိပ က္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ်အရေး လေ့ လာ စောင့်ကြည့်နေသူများ၊ ဒေသခံများနှင့် အာရက္ခတပ်တော် ULA/AA ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားခြင်းဖြစ်သည် ဟု ယာယီသမ္မတက ဆိုသည်။ 

ထိုအချင်းအရာသည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း၌ ပိုပြီး သိသာထင်ရှားလာပြီး စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနှင့် တိုင်းရင်းသား လွတ်မြောက်ရေး တိုက်ပွဲများ အောင်ပွဲခံလာနိုင်သည်ကို တွေ့ရသည်ဟု NUG ယာယီ သမ္မတက ပြောသည်။

ထို့အပြင် တိုင်းရင်းသားဒေသများ၏ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အားလုံးသည် စစ်အာဏာရှင် စနစ် ပြိုလဲခြင်း၏ သင်္ကေတတစ်ခု ဖြစ်ပြီး အပြန်အလှန်အားဖြင့် နွေဦးတော်လှန်ရေး တိုင်းရင်းသားလွတ်မြောက်ရေး လှုပ်ရှားမှုများကို တိုက်ရိုက်ချက်ကြိုးဆက်နိုင်ပြီ ဟု NUG ယာယီ သမ္မတက ဆိုသည်။

လက်ရှိ အခြေအနေကို ဆက်လက်ပြီး ခိုင်မာကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ပါက နွေဦးတော်လှန်ရေး၏ ခုခံ တော်လှန်စစ်သည် အရှိန်မြှင့်လာနိုင်သည်ဟု ဒူဝါလရှီးလက ပြောသည်။