တောင်ကြီးရောက် စစ်ဘေးရှောင်များ အရေးပေါ် အကူအညီများလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။ 

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကိုးကန့်လူမှုရေးခန်းမတွင် ရောက်ရှိနေသည့် စစ်ဘေး ရှောင် အယောက် ၅၀၀ ကျော်အတွက် အရေးပေါ်  အကူအညီများ လိုအပ်နေသည်ဟု ဒေသတွင်းမှ ကူညီဆောင် ရွက်ပေးနေသူများက ပြောသည်။ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့ကတည်းက တစ်သုတ်ချင်း ရောက်ရှိလာကြသူများ ဖြစ်ပြီး လက်ရှိတွင် အလှူရှင်နှင့် စစ်ဘေးရှောင်ဦးရေ မမျှတသဖြင့် အကူအညီ လိုအပ်နေခြင်း ဖြစ်သည်။

ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက လိုတာတော့ အကုန်လိုတာပေါ့နော်။ လာကတည်းက ဘာမှ ပါမလာဘူး ဆိုတော့။ စားစရာလည်း ရှိမှ၊ ဝတ်စရာလည်း အလဲအလှယ်ရှိမှ အဆင်ပြေမှာပေါ့နော်။ အလှူရှင်က သူ့ဟာနဲ့သူ လာကြပါတယ်။ မလောက်ကြတာပါ ဟု ပြောသည်။

စစ်ဘေးရှောင်များထဲတွင် မိဘမဲ့ ၆၁ ဦး အပါအဝင် သက်ကြီးရွယ်အို၊ နာတာရှည် ရောဂါသည်၊ မသန်စွမ်း၊ ကိုယ် ဝန်ဆောင်၊ နို့တိုက်မိခင်၊ လသားအရွယ် ကလေးငယ်များလည်း ပါဝင်ကြသည် ဖြစ်ရာ အာဟာရ ဖြည့်စွက်စာ များနှင့် ဆေးဝါးများ လိုအပ်လျက် ရှိသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များမှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့မှ တိမ်းရှောင်လာကြသူများ ဖြစ်ပြီး လက်ရှိတွင် သတ်မှတ် အရေအတွက်ထက် ကျော်လွန်သွားပြီ ဖြစ်ရာ ခန်းမထဲတွင် နောက်ထပ် လာရောက်မည့်သူများအား လက်မခံတော့ဘူးဟု ဆိုသည်။

စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ကျောင်းနေအရွယ် ကလေးတွေ အများကြီးပါတယ်။ မွေးရမယ့် လူတွေ လည်း ရှိတယ်။ အကူအညီတွေလည်း လိုတယ်။ ကျောင်းက ကျောင်းပြောင်း လက်မှတ်မပါလို့ လက်မခံဘူး ပြောတယ်။ ကျောင်းရှာနေတယ်။ လက်မခံရင်တော့ ခက်ပြီလေ ဟု ပြောသည်။

တောင်ကြီးမြို့ ရှမ်းပိဋိကတ် စာသင်တိုက်၊ ဝေဠုဝန်ကျောင်းတိုက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု၊ ကိုးကန့်လူမှုရေး ခန်းမ စသည့် နေရာများတွင်သာ လက်ခံထားပြီး အိမ်ငှားခများလည်း စျေးနှုန်း အဆမတန် မြင့်တက်နေသော ကြောင့် စစ်ဘေးရှောင် အများစုမှာ တောင်ကြီးနှင့် နီးစပ်ရာမြို့များသို့ ပြောင်းရွှေ့နေကြသည်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ (၂၄) ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၉၄ ဦး သေဆူံးခဲ့ပြီး ၁၃၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း အခြားသော မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနည်းတူ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ အရပ်သားများ ရှိသည့် နေရာများကို ဦးတည်ပြီး တိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ဆိုသည်။