ဘဏ်မှ ငွေထုတ်ယူရာတွင် အကန့်အသတ်များကြောင့် အခက်တွေ့နေရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။ 

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များအား ဇူလိုင်လအတွင်း အကန့် အသတ်ဖြင့်သာ ငွေသား ငွေထုတ်ပေးရန် ညွှန်ကြားထားခြင်းကြောင့် လုပ်ငန်းရှင်များအတွက် ငွေထုတ်ယူရန် အခက်ခဲဖြစ်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

ထိုသို့ ကန့်သတ်လိုက်ခြင်းကြောင့် နိုင်ငံတစ်ဝှမ်းရှိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးများတွင် ငွေသားထုတ်ယူရန်အတွက် ၄ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပေးနေရသည်ဟု ဆိုသည်။

တောင်ကြီးမြို့ရှိ ပုဂ္ဂလိက ဘဏ်တစ်ခုမှ ငွေထုတ်ယူခဲ့သူ တစ်ဦးက အာဏာသိမ်းစကလိုမျိုး မနက်တိုင်း တန်း စီနေရပြီ။ ဒါတောင် တန်းစီးပြီးမှ မရတာတွေလည်း ရှိတယ်။ Facebook ပေါ်မှာ K pay ရှင်းလို့ရတယ်ဆိုပြီး တင်ထားတဲ့ ဈေးဆိုင်တွေ တကယ်တမ်း သွားကြည့်တော့ Limit ပြည့်ပြီတဲ့။ ဒီမနက်လည်း တန်းစီပြီးမှ မရဘူး ဆိုတော့ အပြင်မှာ ထုတ်ရတော့မယ်ဟု ပြောသည်။

ပုဂ္ဂလိကဘဏ် အသီးသီးတွင် ရိုးရိုးအကောင့်၊ အထူး စပါယ်ရှယ်အကောင့်၊ ငွေစုစာအုပ်များ အားလုံး၌ တစ်ပတ် လျှင် လူတစ်ဦးကို သိန်း ၂၀ ကျပ်သာ ထုတ်ယူခွင့်ပြုထားပြီး ဘဏ် အနေအထားပေါ် မူတည်၍ ထိုပမာဏာထက် လည်း လျော့နည်းနိုင်သည်ဟု ဆိုကြသည်။

ထို့အပြင် မှတ်ပုံတင်နှင့် လွှဲသည့်ငွေများကိုလည်း ဘဏ်ငွေလက်ကျန်နှင့် ချိန်ညှိ၍ ထုတ်ယူနေရသည် ဖြစ်ရာ လုပ်ငန်းရှင်များ အနေဖြင့် လုံလောက်ခြင်း မရှိ၍ ရာခိုင်နှုန်းပေးပြီး ထုတ်ယူနေရသည်ဟု တောင်ကြီးမြို့တွင်း ကုန်သည်တစ်ဦးက ပြောသည်။

ထုတ်မရတော့ ကားဂိတ်က ထည့်ပေးတယ်လေ။ ဒါပေမယ့် ပျောက်တာတွေ ဖြစ်လာတော့ အချင်းချင်း ရာခိုင် နှုန်း ပိုလွှဲကြတာ။ လွှဲတဲ့မြို့ပေါ် မူတည်ပြီး ၅ ရာခိုင်နှုန်းတော့ အနည်းဆုံးပေးရတယ်။” 

လတ်တလော မြို့အသီးသီးရှိ ပုဂ္ဂလိက ဘဏ်များတွင် ATM ထုတ်ယူခွင့်မှာ ယခင်က တစ်ခါထုတ်လျှင် ကျပ် ၅ သိန်းနှုန်းအတိုင်း သတ်မှတ်ထားသော်လည်း ATM စက်များ၌ ငွေဖြည့်မပေးထားသောကြောင့် ထုတ်၍ မရတော့ ဘူးဟု ဆိုသည်။ 

လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းမြောက်ဒေသက မြို့များတွင် အထူးသဖြင့် ငွေထုတ်ယူရေး အခက်အခဲများ ဖြစ်နေသည်။

ရှမ်းမြောက်ဒေသမှ စစ်ရှောင်ပြည်သူများသည် အခြားမြို့များရှိ ဘဏ်ခွဲများတွင် ငွေသားများ သွားထုတ်ယူရာ တွင်လည်း မူရင်းဘဏ်ခွဲမှ ထောက်ခံချက် မပါသေးကြောင့် ထုတ်မပေးသည့် အခြေအနေများနှင့်လည်း ရင်ဆိုင် နေရသည်ဟု ဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်နေသည့် မြို့များတွင် ငွေသားရရှိရန်အတွက် ၂၀ ရာခိုင်ခိုင်နှုန်းကျော်အထိ ပေးနေရပြီး နောက်ဆက်တွဲအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ကုန်ဈေးနှုန်း အဆမတန် မြင့် တက်လျက် ရှိသည်။