ကင်းစခန်း တိုက်ခိုက်မှု စစ်ကောင်စီ စစ်သား ၁၆ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီ ကင်းစခန်းတစ်ခုကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးသွားသည်။

အဆိုပါ ကျီကုန်းကျေးရွာ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရမှုထဲ လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ကန့်ဘလူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကျီကုန်းတံတား ဖြစ်စဥ်က မနေ့က ဖြစ်တာ ကျနော်တို့ လည်း ကြားပါတယ်။ ကျီကုန်းတံတားကို ဝင်တိုက်တာ ၁၆ ကောင် လောက်ကျတယ်တဲ့ ဟု ပြောသည်။

ကျီကုန်းကျေးရွာ တံတား၌ ယာယီတပ်စွဲထားသော စစ်ကောင်စီကင်းစခန်းကို ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ် ၁၆ လက်ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် MPF U 18 အဖွဲ့ခေါင်းဆောင် ဗိုလ်ရသရဲ့ ဖေ့ဘုတ်စ်စာမျက်နှာတွင် ရုပ်သံနှင့်တကွ ထုတ်ပြန် ထား သည်။

ကျီကုန်းတံတားကင်းစခန်းတွင် စစ်ကောင်စီတပ်သားများ အပြင် ပျူစောထီး တပ်ဖွဲ့ဝင်များ အထိုင်ချထားပြီး ခန့်မှန်းအင်အား ၂၀ ကျော်ခန့် ရှိသည်ဟု ဆိုသည်။

ကန့်ဘလူဒေသသည် ပျူစောထီး အားကောင်းသည့် ဒေသဖြစ်ပြီး ကျီကုန်းကျေးရွာနှင့် ၆ မိုင် ပတ်ပတ်လည် အတွင်း၌ ရှိသော ကျေးရွာအများစုသည်လည်း ဘေးလွှတ်နိုင်သည့် နေရာများတွင် တိမ်းရှောင်နေကြရသည်ဟု ဒေသခံများကပြော သည်။

ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး ကျီကုန်းနဲ့ ၆ မိုင် ပတ်လည်လောက်က ရွာတွေက ပြည်သူတွေကို ထုတ် ထားတယ်။ အရင်ကတော့ နေပါတယ် အခုတော့ စစ်ဘေးရှောင်နေရတာပေါ့။ ဒီနှစ်ထဲကို စစ်ကြောင်းထိုး တာတွေ ရှိလို့ပါ ကျီကုန်းတကြောကတော့ ပျူများတာပေါ့ ဟု ပြောသည်။

ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ခဲ့သည် ကျီကုန်းကျေးရွာသည် ထန်းကုန်း – ကာဘိုး လမ်းမပေါ်တွင် တည်ရှိပြီး ပျူစောထီး အားကောင်းသည့် ကျေးရွာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်ပထမအပတ် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့် အတူ ကန့်ဘလူ၊ ကျွန်းလှ နှင့် တန့်ဆည်မြို့နယ်များတွင် စစ်ကောင်စီတပ်က ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စစ်ကြောင်းထိုး စစ်ရေး လှုပ်ရှားနေသည်ဟု ကန့်ဘလူဒေသတွင်းက သတင်းမီဒီယာ တစ်ခုဖြစ်သည့် Infinity Group က ထုတ်ပြန်ထား သည်။

ဇူလိုင်လ အစမှ ယနေ့အထိ ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်တို့၌ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုအတွင်း နေအိမ် အလုံးရေ ၁၅၀ ခန့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ များက ဆိုသည်။

ဇူလိုင် ၁၁ ရက်နေ့ကလည်း ကန့်ဘလူ – စံပါယ်နံ့သာ – ရွှေဘို လမ်းပိုင်းရှိ ရေအေးကျေးရွာအနီးတွင် စစ်ကောင် စီတပ်ဖွဲ့ဘက်က ကင်းပုန်းများ၏ ပစ်ခတ်မှုကြောင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ရသည်။