ဂျမ်မာ ကျော်မည့် ဒရုန်း တီထွင်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
ကရင်နီပြည် အခြေစိုက် ဝရဇိန်တပ်ဖွဲ့က ဂျမ်မာ (Jammer) များကို ကျော်ဖြတ် ပျံသန်းနိုင်မည့် ဒရုန်းကိုတီထွင် ထုတ်လုပ်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
မြေပြင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဒရုန်းများကို ဖျက်ဆီးနိုင်သည့် Jammer များ အသုံးပြုလာသဖြင့် မီတာ ၃၀၀ နှင့် ၅၀၀ ကြား အနိမ့် ပျံသန်းနိုင်မည့် ဒရုန်းကို တည်ထွင်လိုက်ခြင်း ဖြစ်သည်။
ဝရဇိန်တပ်ဖွဲ့ တာဝန်ခံ တစ်ဦးက “သာမန် ဒရုန်းတွေက ရေဒီယိုကွန်ထရိုးဒရုန်းတွေ ဂျီပီအက်စ်ကို မှီခိုပြီးတော့ မှ သူ့ရဲ့ လိုကေးရှင်းတစ်ခုကို ရောက်အောင် သွားနိုင်တဲ့ ဒရုန်းတွေ၊ အဲ့ဒါက သာမန်ဒရုန်းပေါ့နော်၊ အဲ့လို မဟုတ် တော့ဘဲနဲ့ ကျနော်တို့က ဘာမှကို မှီခိုစရာမလိုဘဲနဲ့ သူ့အောက်ကနေပြီးတော့ ဖျက်ဆီးနိုင်တဲ့ အီလက်ထရောနစ် နည်းနဲ့ ရေဒီယိုနည်းနဲ့ ဖျက်ဆီးလို့မရတဲ့ အခြေအနေမျိုး ဖြစ်အောင် ကျနော်တို့ ပျံသန်းနိုင်မှာပေါ့” ဟု ပြော သည်။
ဝရဇိန်တပ်ဖွဲ့က တီထွင်ထားသည့် ဒရုန်းများမှာ ဝယ်ယူထားခြင်း မဟုတ်ဘဲ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ သည့် ဒရုန်းများအား ပြန်လည်ဆန်းသစ် တီထွင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းထားသည့် Jammer ဖြင့်လည်း တားဆီး၍ တီထွင်ထားသည့် ဒရုန်း များအား စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်ရာ ရာနှုန်းပြည့် အောင်မြင်မှု ရှိသည်ဟု ဆက်ပြောသည်။
ဝရဇိန်တပ်ဖွဲ့ တာဝန်ခံက “အနီးစပ်ဆုံး ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ လွိုင်ကော်နဲ့ လားရှိုးတိုက်ပွဲမှ တွေ့ရ တယ်။ အသံတွေ ကြားရပါလိမ့်မယ်။ ရန်သူ့ရဲ့ ဒရုန်းတွေရော ကိုယ့်ရဲ့ဒရုန်းတွေရော ပျံသန်းလို့ မရဘူးဆိုတဲ့ အခြေအနေမျိုးပေါ့။ ကျနော်တို့ နည်းပညာ အနေနဲ့ အဆင့်မြင့်ပြီးသွားလို့ရှိရင် အဲ့လိုမျိုး မဖြစ်နိုင်တော့ဘူး ပေါ့။ အဲ့ဒါမျိုးတွေ ကျနော်တို့ အဆင့်မြင့်နေတဲ့အတွက် အဲ့ဘက်မှာ ရန်ပုံငွေလိုတယ်” ဟု ပြောသည်။
ဝရဇိန်တပ်ဖွဲ့တွင် ဒရုန်းတပ်ဖွဲ့နှင့် မြေပြင်လက်နက်ကိုင်တပ်ဖွဲ့ ဟူ၍ တပ်ဖွဲ့ ၂ ဖွဲ့ ရှိပြီး မြေပြင်တပ်ဖွဲ့အတွက် လည်း လက်နက်ခဲယမ်းနှင့် ယူနီဖောင်းများ လိုအပ်ချက်ရှိသည်ဟု ဆိုသည်။
ဝရဇိန်တပ်ဖွဲ့အား စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ဖွဲ့စည်းခဲ့ပြီး ကရင်နီဒေသမှ မြေပြန့်ဒေသသို့ ပြောင်းရွှေ့စစ်ရေး ဖော်ဆောင်သွားမည်ဟု တာဝန်ရှိသူများ က ပြောသည်။