လောင်းလုံးတွင် စခန်းချထားသော စစ်ကောင်စီ တပ်သား နှစ်ဦးအား ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။ 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ တောင်ပေါ်တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက် သေနတ်နှစ်လက်ကို သိမ်းယူရရှိခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးစလုံး သေဆုံးခဲ့ပြီး MA-1 သေနတ်တစ်လက်၊ MA-3 သေနတ်တစ်လက်နှင့် ကျည်ဆံ များ သိမ်းဆည်းရရှိခဲ့သည်။

လောင်းလုံး – ပကဖ ပြန်ကြားရေး တာဝန်ရှိသူက “အရပ်ဝတ်တွေနဲ့ တောင်အောက်ကို ဆင်းလာတဲ့အချိန်မှာ အပိုင် ချောင်းပစ်ခဲ့တာပါ၊ ရာထူးတော့ အတိအကျ မသိရဘူး။ MA-3 ကိုင်လာတာဆိုတော့ အရာရှိအဆင့် တစ် ယောက်ပါမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ကျောက်နီမော်ကျေးရွာရှိ တာဝါတိုင် စခန်းကုန်းပေါ်မှ ရွာထဲသို့ ဆင်းလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) နှင့် လောင်းလုံး – ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ဖြစ်သည်ဟု လောင်းလုံး – ပကဖ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်သတ်ခံရသည့် နေရာအနီးတဝိုက်ရှိ ရွာသားအချို့ကိုလည်း ပျူစောထီးများက လာရောက် စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သေးကြောင်း ရွာသားတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး ပစ်ခတ်ခံရပြီးနောက် တာဝါတိုင် စခန်းကုန်းပေါ်တွင် ရှိနေသည့် စစ်ကောင်စီ တပ် သားနှင့် ပျူစောထီးများက ကျောက်နီမော်ကျေးရွာ အနီးအနားဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သေးသည်။

ထို့အပြင် ကျောက်နီမော်ကျေးရွာ အရှေ့တွင် ကျောက်ထိုးထားသည့် စစ်သင်္ဘောပေါ်ကလည်း လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်ခဲ့သေးကြောင်း ရွာသားများက ဆိုသည်။

အလားတူ ပစ်သတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး၏ အလောင်းတို့ကိုများ စစ်ကောင်စီတပ်ဖွဲ့က လာ ရောက် သယ်ဆောင်သွားသည်ဟု ရွာသားများက ပြောသည်။

ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းသည် ထားဝယ်ဒေသတွင် ထင်ရှားသည့် မြတ်ရှင်မော် ဘုရား သွားရာ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ရေကြောင်းမှ လာရောက်သည့် စစ်ကောင်စီတပ်၏ လှေနှင့် သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းနေရာတစ်ခုလည်း ဖြစ်သည်။