ထားဝယ်မြို့နယ် ကျေးရွာတစ်ခုတွင် ကလေးများ ကစားချိန် မိုင်းပေါက်ကွဲ၊ ကလေး တစ်ဦး သေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။ 

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ကထောင်းနီကျေးရွာတွင် ကလေးများ ဆော့ကစားနေချိန် မိုင်းပေါက်ကွဲခဲ့ သောကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရွာသားများက ပြော သည်။


ကထောင်းနီကျေးရွာရှိ ဆန်စက်အနီးတွင် ကလေးငယ်များ ဆော့ကစားနေချိန် ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးက ဂျိမ်း ဆိုပြီး ပေါက်ကွဲသံက အတော်လေး ကြမ်းတာ၊ ကလေး တွေ ဆော့ကစားနေတဲ့ နေရာက ထပေါက်တာ၊ တက်နင်းမိတာလား ဘယ်လိုဖြစ်တာလဲတော့ မသိဘူး၊ ဒဏ်ရာ ရတဲ့ ကလေး တစ်ယောက်ကလည်း အသက် အန္တရာယ်စိုးရိမ်ရတယ် ဟု ပြောသည်။ 

ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်ခွဲအရွယ် မဂျူးမြတ်လင်းမှာ ဦးခေါင်းတွင် မိုင်းစ ထိမှန်ကာ ပွဲချင်းပြီး သေဆုံး သွားခဲ့သည့် အပြင် အသက် ၄ နှစ်အရွယ် နော်ဝါးအယ်ဝါး နှင့် အသက် ၃ နှစ်အရွယ် မောင်ဘုန်းမြတ်အောင်တို့ ကလေးငယ်နှစ်ဦးမှာလည်း ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြသည်။

သေဆုံးသွားသည့် သမီးငယ်လေး အပါအဝင် ကလေး ၃ ဦးစလုံးကို လူမှုကူညီရေး အသင်းအဖွဲ့များ၏ အကူ အညီဖြင့် ထားဝယ်မြို့ရှိ ဆေးရုံကြီးသို့ ကားနှင့် ပို့ဆောင်ပေးထားရသည်။

မိုင်းပေါက်ကွဲခဲ့သည့် နေရာမှာ ကထောင်းနီကျေးရွာ၏ လမ်းဆုံ အနီးအနားတွင် ဖြစ်နေပြီး ရွာသားများသွားလာ နေကျ နေရာလည်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။ 

ကထောင်းနီကျေးရွာသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း ကလည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် အရှေ့တော ဒေသ ဧရိယာအတွင်းမှ ကျေးရွာတစ်ရွာ ဖြစ် သည်။

အလားတူ ဇွန်လ ၄ ရက်နေ့၊ မွန်းလွှဲ ၁၂ နာရီခွဲ အချိန်၌လည်း ထားဝယ်မြို့၊ အိမ်‌ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်လက်နက် ပစ္စည်း အကြွင်းအကျန်များနှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သားသေ ဆုံးသည့် ဖြစ်စဥ်များ ယခုနောက်ပိုင်းတွင် အများအပြား ရှိလာနေသည်ဟု ဒေသခံများက ပြောသည်။