ဝ တပ်ဖွဲ့က နှစ်ဘက် လက်နက်ကိုင်များ ခွင့်ပြုချက်ဖြင့် လားရှိုးတွင် ဝင်ရောက်ခဲ့ကြောင်းပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် နှစ်ဖက် လက်နက်ကိုင်တပ်များ၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက် တပ်စွဲ ခြင်း ဖြစ်သည်ဟု UWSA က ပြောသည်။
လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်နေသည့် အချိန်၌ ဇူလိုင်လ ၂၇ ရက်နေ့ညက ‘ဝ’ ပြည် သွေးစည်းရေး တပ်မတော် (UWSA) တပ်များ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု မြေပြင်သတင်း အရင်းအမြစ်များက ပြောသည်။
ထိုသို့ ဝင်ရောက်လာရခြင်းမှာ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA) ခွင့်ပြုချက်ဖြင့် ဝင်ရောက် တပ်စွဲခြင်း ဖြစ်ပြီး ၎င်းတို့ ဆက်ဆံရေးရုံးနှင့် မြို့နေရာအနှံ့အပြားတွင် နေရာယူထားသည်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက “လားရှိုးမြို့ တိုင်းရင်းသားပေါင်းစုံရဲ့ လိုလားချက် အပါအဝင် လားရှိုး မြို့က ကျနော်တို့ဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရန်အတွက် ‘ဝ’ ပြည်က လုံခြုံရေးတပ်ဖွဲ့တွေ ဝင် ရောက် လာတာပါ။ နှစ်ဖက်တပ်တွေရဲ့ သဘောတူညီချက်နဲ့ပါ” ဟု ပြောသည်။
လားရှိုးမြို့တွင် UWSA လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် နှစ်ဖက်တပ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်း၊ ပံ့ပိုးခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ မိမိတို့ ပိုင်ဆိုင်သည့် အရာများကိုသာ ကာကွယ်သွားမည်ဟု ဆိုသည်။
UWSA ဝင်ရောက်လာခြင်းအား မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက အတည်ပြုသော်လည်း အသေးစိတ် မေးမြန်းချက်များအား ၎င်းက ငြင်းဆိုထားသည်။
လားရှိုးမြို့တွင် ကျန်ရှိနေသူ တစ်ဦးက “သူတို့ကတော့ ဘယ်ဘက်မှ မပါဘူးပြောတာပေါ့။ ပုံစံတွေကြည့်ရတာ တော့ အရမ်းတွေ စစ်သွေးကြွနေတဲ့ပုံပဲ။ ညာသံပေးပြီး ချီတက်လာတာ။ ဘယ်သူမှ မတားရဲဘူး။ မြို့ခံတွေက တည်ငြိမ်ချင်တာတော့ ဟုတ်တယ်။ ဒါပေမယ့် ‘ဝ’ကို အကူညီတောင်းတယ် ဆိုတာတော့ မကြားမိပါဘူး” ဟု ပြောသည်။
ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ရှမ်းမြောက်ဒေသတွင် ပဋိပက္ခ မကူးစက်စေရေး လူထု၏ တောင်းဆိုချက်ဟု ဆို ကာ စစ်ကောင်စီနှင့် ညှိနှိုင်း၍ တန့်ယန်းမြို့တွင် ဝင်ရောက် နေရာယူခဲ့သေးသည်။
လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့ကစပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် မဟာမိတ်တပ်များ ဝင်ရောက် ထိုးစစ်ဆင် လျက်ရှိရာ ယနေ့အချိန်တွင် စစ်ကောင်စီ တပ်စခန်းနှင့် ဌာနချုပ် အများစုကို သိမ်းယူထားသော်လည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား အပြီးသတ် သိမ်းယူနိုင်ရန် ဆက်လက်တိုက်ပွဲ ဝင်နေသည်ဟု ဆိုကြသည်။