PDF များဈေးဝယ်ပါက ပိုက်ဆံယူရန် ဈေးသည်များကို MDY PDF တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။ 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အလကား မပေးဘဲ ပစ္စည်းတန်ဖိုး အတွက် ပိုက်ဆံယူကြရန် ဈေးသည်များအား မန္တလေး ပြည်သူ့ ကာကွယ်ရေးတပ် (MDY PDF)က  ထုတ်ပြန်တောင်း ဆိုသည်။

မန္တလေး ပြည်သူ့ ကာကွယ်ရေးတပ် (MDY PDF) ထိန်းချုပ်နယ်မြေများရှိ စျေးသည်များ အား ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တပ်ဖွဲ့ဝင်များ စျေးဝယ်ရာတွင် ဈေးသည်များက အခ ကြေးငွေ မယူဘဲ အလကားပေးခြင်းများ ရှိနေသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ကျနော်တို့ ရဲဘော်တွေက ဒီလိုအပ်ချက်ရှိလို့ ဈေးဝယ်တဲ့ အခါမျိုးမှာ ပြည်သူတွေဘက်က ဈေးဆိုင်တွေဖက်ကနေပြီးတော့ မေတ္တာနဲ့ အလကားပေးတာမျိုးတွေ ရှိပါ တယ်။ ဒါတွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက်၊ နောက်တစ်ခုက ရဲဘော်တွေ အကျင့် ပျက်မှာ စိုးတဲ့အတွက် ထုတ်ပြန်တာ ဖြစ်ပါတယ် ပြောသည်။

မန္တလေး PDF တပ်ဖွဲ့မှာ စည်းကမ်းနှင့် ကျင့်ဝတ်ကောင်းမွန်ပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သောကြောင့် ပြည်သူပိုင် ငွေကြေးများ အလွဲသုံစား မပြုလုပ်ကြစေရန်အတွက် ထုတ်ပြန်ရ ခြင်း ဖြစ်သည်ဟု ဆိုသည်။

တပ်ရင်းအတွက် လိုအပ်သည့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင်လည်း ကျသင့်ငွေကို မဖြစ်မနေ ပေးချေရန်နှင့် ဆိုင်ရှင်ဘက်ကလည်း ပစ္စည်းတန်ဖိုးအတိုင်း ကျသင့်ငွေအား လက်ခံပေးရန် နယ်မြေခံ ပြည်သူလူထု နှင့် ဈေးဆိုင်ပိုင်များအား မန္တလေး PDF က မေတ္တာရပ်ခံထားသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းကလည်း ယခုကဲ့သို့ တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးသည် ဖြစ်ရာ လက်ရှိတွင်လည်း မန္တလေး PDF ၏ ထိန်းချုပ်နယ်မြေများ ပိုမိုကျယ်ပြန့်လာသဖြင့် ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကိုအော်စမွန်က ပြောသည်။

ကိုအော်စမွန်က ကျနော်တို့ တပ်ဖွဲ့အနေနဲ့တော့ ဒီညွှန်ကြားချက်မှ မဟုတ်ပါဘူး။ ထုတ်ပြန်ထားသမျှ ညွှန် ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ရဲဘော်တွေကို အဆင့်ဆင့်တာဝန်ရှိသူတွေက ကြပ်မတ် တာ ရှိပါတယ်။ တကယ်လို့ မလိုက်နာဘူး ဖောက်ဖျက်တယ် ဆိုရင်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်တာမျိုး တွေ ရှိပါတယ် ဟု ဆက်ပြောသည်။

မန္တလေး PDF တပ်ဖွဲ့သည် ဇူလိုင်လ ၁၇ ရက်နေ့က စဉ့်ကူးမြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက် နေ့တွင်လည်း မဟာမိတ်များနှင့် ပူးပေါင်း၍ မိုးကုတ်မြို့ကို သိမ်းယူထားသည်ဟု ဆိုကြသည်။